နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်ရေးလုပ်ငန်းခွင်သို့ မြောက်ကိုရီးယားခေါင်းဆောင် ကြည့်ရှုစစ်ဆေး

(နိုင်ငံတကာ) ဒီဇင်ဘာ ၂၆

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် သမီးဖြစ်သူ ဂျူအေး နှင့်အတူ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု ကေစီအင်န်အေသတင်းဌာနက သတင်းထုတ်ပြန်ထားကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားခေါင်းဆောင်နှင့် သမီးဖြစ်သူတို့သည် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်မှုကိုလည်း ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း ကေစီအင်န်အေ သတင်းဌာန၏ အဆိုအရသိရသည်။ မြောက်ကိုရီးယားခေါင်းဆောင်နှင့် သမီးဖြစ်သူတို့သည် ဒီဇင်ဘာလ ၂၄ ရက်တွင် ရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ဒုံးကျည်စမ်းသပ်မှုများကို ကြီးကြပ်ကွပ်ကဲခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားတပ်မတော်သည် ဒီဇင်ဘာလ ၂၄ ရက် ဒုံးကျည်စမ်းသပ်မှုများကို မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စမ်းသပ်မှုတွင် ပစ်လွှတ် သည့် ဒုံးကျည်များသည် ကီလိုမီတာ ၂၀၀ အကွာရှိ လေထုလွှာအတွင်းမှ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် ဒီဇင်ဘာလ ၂၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့သည့် ရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းမှာ တန်ချိန် ၈,၇၀၀ ရှိ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းဖြစ်ကြောင်း သိရသည်။

#PAN