(ပြည်တွင်း) ဒီဇင်ဘာ ၂၀
ရုရှားနိုင်ငံက RUMA Organic ကုမ္ပဏီနဲ့ မြန်မာဘက်က အောင်သန်းထိုက် Agriculture Development ကုမ္ပဏီတို့ ပူးပေါင်းပြီး သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံဆောက်လုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ ပန္နက်တင်မင်္ဂလာနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက် ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက် မနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခုစီမံကိန်းအပေါ် နိုင်ငံတော်ယာယီသမ္မတက အထူးအလေးထားပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသဖို့ အခွင့်အရေးတစ်ရပ်ဖြစ်တဲ့အတွက် စက်ရုံကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အမြန်ဆုံး ဆောက်လုပ်နိုင်ရေး အထူးအလေးထားဆောင်ရွက်စေလိုတယ်လို့ သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည် အထောက်အကူပြုမည့် အရေးပါတဲ့စီမံကိန်းတစ်ခုရဲ့ ကနဦးခြေလှမ်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကပြောပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(Fund RC-Investment)ရဲ့ RUMA Organic ကုမ္ပဏီကို ပျဉ်းမနားခရိုင်၊ နေပြည်တော်ကောင်စီနယ်မြေမှာ သဘာဝရွက်ဖျန်းမြေဩဇာတွေ တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
သဘာဝမြေဩဇာရွက်ဖျန်းအားဆေးရည်ကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းရှင်တွေနဲ့ တောင်သူလယ်သမားတွေ ကုန်ကျစရိတ် လျော့နည်းစေမှာဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချစေနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ကပြုလုပ်တဲ့ ပနက်တင်မင်္ဂလာအခမ်းအနားကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ FUND RC-Investments မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr.Artemi Alimov၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက Embassy Counsellor Mr. Andrei Lunak နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ RUMA Organic ကုမ္ပဏီနဲ့ အောင်သန်းထိုက်ကုမ္ပဏီတို့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
#PAN