လာနီညာဖြစ်စဉ်ကြောင့် ညအပူချိန်လျော့နည်းနိုင် အချိန်အခါမဟုတ်မိုးရွာမှု ပိုဖြစ်လာ

(မိုးလေဝသ) ဒီဇင်ဘာ ၁

အီကွေတာအနီးက အပူပိုင်းပစိဖိတ် သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နဲ့ လေထုဖြစ်စဉ်တွေဟာ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေအနေမှာရှိနေတယ်လို့ မိုးလေဝသပညာရှင်တွေကပြောပါတယ်။

နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြု မော်ဒယ်လ်တွေ ခန့်မှန်းချက်အရ ဒီဇင်ဘာ ပထမ ၁၀ ရက်ပတ်အတွင်း အားအနည်းငယ်ရှိတဲ့ လာနီညာအဆင့်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

လာနီညာဖြစ်စဉ်ဟာ ပစိဖိတ် သမုဒ္ဒရာတွင်ဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမယ့်လည်း အဆိုပါလာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုဟာ ယေဘုယျအားဖြင့် အရှေ့ဘက်က လေပွေလှိုင်းတွေ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိ အားနည်းရပ်ဝန်းတွေ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း ဒေသအချို့မှာ ညအပူချိန်များ လျော့နည်းနိုင်ခြင်းနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်တွေ ပိုမိုဖြစ်ပေါ်လာခြင်း စတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိတယ်လို့လည်း ဆိုကြပါတယ်။ ဒါကြောင့် လာနီညာဖြစ်ပေါ်မှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

#PAN