












(ပြည်တွင်း) ဒီဇင်ဘာ ၁
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တစ်ရပ်တည်ဆောက်ရာမှာအာကာသသိပ္ပံပညာနဲ့ အသုံးချနည်းပညာတွေဟာ တစ်နေ့တခြား ပိုမိုအရေးပါလာတာဖြစ်တဲ့အတွက် မိမိတို့နိုင်ငံမှာ အာကာသနည်းပညာတွေ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်လည်း ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိတယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။
နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာပြုလုပ်တဲ့ အာကာသပြတိုက်(ရန်ကုန်)ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးပြီး မိန့်ခွန်းပြောကြားရာမှာ အခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းသား/ကျောင်းသူ၊ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ အာကာသတွင်းစေလွှတ်မယ့်ဒုံးပျံတွေ အာကာသမှာလှည့်ပတ်သွားလာမယ့်ဂြိုဟ်တုတွေ၊ အာကာသတွင်းစူးစမ်းလေ့လာမယ့် အာကာသယာဉ်နဲ့ယာဉ်မှူးတွေ၊ ဂြိုဟ်တွေ၊ နက္ခတ်တာရာတွေ အစရှိတဲ့ အာကာသဆိုင်ရာဗဟုသုတ အကြောင်းအရာတွေကို အာကာသပြတိုက်(ရန်ကုန်)အတွင်းမှာ တစုတစည်းတည်း စူးစမ်းလေ့လာခွင့်ရနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
“နိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေရဲ့ အာကာသနဲ့သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းတွေကို နိုးကြားစေမယ့်၊ ၎င်းတို့သင်ကြားနေတဲ့ ကျောင်းသင်ခန်းစာတွေကို ကျော်လွန်ပြီး အာကာသနဲ့သိပ္ပံဆိုင်ရာ အိပ်မက်အသစ်တွေကိုမွေးဖွားပေးမယ့်နေရာတစ်ခုဖြစ်လာစေရေးအတွက် ရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတရဲ့ပြောဆိုချက်အရ သိရပါတယ်။
အာကာသပြတိုက်က ရရှိလာတဲ့ အာကာသနည်းပညာဆိုင်ရာ စိတ်ကူးစိတ် သန်းတွေနဲ့ လှုံ့ဆော်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုနိုင်မယ့် အနာဂတ်ရဲ့အာကာသယာဉ်မှူးတွေ ၊သိပ္ပံပညာရှင်တွေ ၊အင်ဂျင်နီယာတွေနဲ့ ကဏ္ဍအလိုက်ပညာရှင်တွေလည်းပေါ်ထွက်လာမယ်လို့ ယုံကြည်မိတယ်လို့ လည်း ဆိုပါတယ်။
မြန်မာနိုင်ငံအစိုးရနဲ့ဂျပန်နိုင်ငံအစိုးရတို့ ၁၉၈၇ ခုနှစ်က ပူးပေါင်းတည်ဆောက်ခဲ့တဲ့ နက္ခတ်တာရာပြခန်းကို အာကာသပြတိုက်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ယခင်အသုံးပြုခဲ့တဲ့စက်ပစ္စည်း Analog Projection System တွေနေရာမှာ ခေတ်မီစက်ပစ္စည်းတွေဖြစ်တဲ့ Digital Projection System တွေနဲ့အစားထိုးလဲလှယ်ခြင်း၊ အာကာသနဲ့နက္ခတ်တာရာဆိုင်ရာပြခန်းများ၊ အာကာသစခန်းများနဲ့ အခြားအာကာသနည်းပညာဆိုင်ရာပြခန်းတွေ အစရှိတဲ့စိတ်ဝင်စားဖွယ် ပြခန်းနေရာတွေကို ထပ်မံထည့်သွင်းပြသခြင်းတွေကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတော်အနေနဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍတွေမှာ အာကာသနည်းပညာတွေကို ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ အသုံးချနိုင်ရေးအတွက် မြန်မာအာကာသအေဂျင်စီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကာ ပူးပေါင်းကာ ရေတို/ရေရှည် စီမံကိန်းတွေသတ်မှတ်ပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်တယ်လို့ နိုင်ငံတော် ယာယီသမ္မတကပြောပါတယ်။
“မိမိတို့နိုင်ငံရဲ့ပညာရှင်လူငယ်တွေအနေနဲ့ အခုလို အာကာသနည်းပညာလှုပ်ရှားမှုအစီအစဉ်တွေမှာ ပါဝင်နိုင်မယ့် အခွင့်အလမ်တွေကိုလည်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖော်ဆောင်သွားမှာဖြစ်ပြီး အဲဒီနေရာမှာ သာဓကတစ်ခုအနေနဲ့ စက်တင်ဘာလက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆီးရီးယပ်မြို့တွင်ကျင်းပခဲ့တဲ့ Open World Astronomy Olympiad (OWAO-25) ပြိုင်ပွဲကို ပြိုင်ပွဲဝင်လူငယ် ၆ ဦးနဲ့ International Olympiad on Climate Change and Environmental Issues (IOCE-2025) ပြိုင်ပွဲကို ပြိုင်ပွဲဝင် လူငယ် ၅ ဦး စုစုပေါင်း လူငယ် ၁၁ ဦးကို စေလွှတ်ယှဉ်ပြိုင်စေခဲ့ရာ သက်ဆိုင်ရာပြိုင်ပွဲတွေအလိုက် ထိုက်တန်စွာယှဉ်ပြိုင်နိုင်ခဲ့ကြပြီး အောင်မြင်မှုအသီးသီးနဲ့ ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့ကြတာကို တွေ့ရှိရတယ်” လို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
နည်းပညာခေတ်ဖြစ်တဲ့ ယနေ့မျက်မှောက်ကာလမှာ အာကာသနဲ့ ဂြိုဟ်တုနည်းပညာတွေဟာ အချိန်နဲ့အမျှ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်နေပြီး လူသားမျိုးနွယ်ရဲ့အကျိုးကို ဖော်ဆောင်ပေးနိုင်မယ့် အာကာသသုတေသနလုပ်ငန်းတွေကို အပြိုင်အဆိုင်ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရပြီး အခုလို သုတေသနလုပ်ငန်းတွေကရရှိလာတဲ့ အကျိုးရလဒ်တွေဖြစ်တဲ့ အာကာသသိပ္ပံနဲ့ အသုံးချနည်းပညာ၊ ဂြိုဟ်တုနည်းပညာတွေကို နိုင်ငံရဲ့ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ နိုင်ငံ့စွမ်းအားကိုဖြစ်စေမယ့် ဘက်စုံအခန်းကဏ္ဍအသီးသီးမှာ အကျိုးရှိစွာအသုံးချနေကြတာကိုတွေ့ရမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဒါကြောင့် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုလို အလွန်အရေးပါတဲ့ အာကာသသိပ္ပံနဲ့နည်းပညာရပ်တွေမှာ နိုင်ငံတကာနဲ့ယှဉ်ပြီး ရင်ပေါင်တန်းနိုင်ဖို့၊ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်ပြီးအကျိုးရှိစွာအသုံးချနိုင်ဖို့အတွက် မျိုးဆက်သစ်လူငယ်လူရွယ်တွေကို ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးရမှာဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။
အာကာသပြတိုက်(ရန်ကုန်)ကို အောင်မြင်စွာဖွင့်လှစ်နိုင်တာကြောင့် မျိုးဆက်သစ်လူငယ်တွေအနေနဲ့ မျက်မှောက်ခေတ် အာကာသနယ်ပယ်ရဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းအသစ်တွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊ စိတ်ကူးစိတ်သန်းတွေကိုမွေးဖွားကာ အကောင်အထည်ဖော်ဆောင်နိုင်တော့မှာဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတပြောဆိုခဲ့ပြီး ကြောင်း၊ အနာဂတ်ကာလအာကာသအသုံးချနယ်ပယ်အသီးသီးမှာ နိုင်ငံတော်ကဂုဏ်ယူအားထားရမယ့် သုတေသနပညာရှင်တွေ အင်ဂျင်နီယာတွေ အာကာသယာဉ်မှူးတွေ၊ ဘက်စုံကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်တွေနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်တယ်လို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။