ထိုင်းနှင့် မလေးရှားနိုင်ငံတို့၌ ရေကြီးရေလျှံမှုများဖြစ်ပွား လူပေါင်းသန်းနှင့်ချီ ရေဘေးသင့်မှုကြုံ

(နိုင်ငံတကာ) နိုဝင်ဘာ ၂၇

ရက်အတန်ကြာ စံချိန်တင်မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်သူများ သည် ရေဘေးဒဏ်သင့်ကာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း NHK သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်များကြောင့် ၃၃ ဦးထက်မနည်းသေဆုံးပြီး အခြားလူပေါင်း ၂ ဒသမ ၅ သန်းကျော်မှာ ရေဘေးဒဏ်သင့်မှု ကြုံတွေ့နေရကြောင်း၊ စွန်ခလာနှင့် နာခွန်ဆီထမ်မာရတ် အပါအဝင် တောင်ပိုင်းပြည်နယ် အများအပြားရှိ လမ်းများ၊ အဆောက်အအုံများမှာ ရေလွှမ်းမိုးလျက်ရှိကြောင်း၊ လူပေါင်းအများအပြားမှာ ၎င်းတို့၏ နေအိမ်များတွင် ပိတ်မိနေပြီး လှေများဖြင့် ဘေးလွတ်ရာသို့ ကယ်ထုတ်လျက်ရှိကြောင်း သိရသည်။

မိုးလေဝသဌာနတာဝန်ရှိသူများက မိုးပိုမိုရွာသွန်းမည်ဖြစ်ကြောင်း သတိပေးထားပြီး ရုတ်တရက်ရေကြီး ရေလျှံမှုများနှင့် မြေပြိုကျမှုများကို သတိပြုနေထိုင်ကြရန် ပြည်သူများအား တိုက်တွန်းထားသည်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချာရန်ဗီရာကွန် သည် စွန်ခလာပြည်နယ်သို့သွားရောက်ပြီး ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးလုပ်ငန်း များကို အရှိန်မြှင့်လုပ်ဆောင်ကြရန် တာဝန်ရှိသူများနှင့် စစ်ဘက်ဆိုင်ရာဝန်ထမ်းများကို ညွှန်ကြားထားသည်။

ထို့ပြင် အိမ်နီးချင်းမလေးရှားနိုင်ငံတွင်လည်း မုတ်သုံမိုးရွာသွန်းမှုများကြောင့် ဒေသအများအပြား ရေကြီး ရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။

ဘေးအန္တရာယ်စီမံခန့်ခွဲရေးတာဝန်ရှိသူများက လူပေါင်း ၂၄,၀၀၀ ကျော်က နေအိမ်များကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ပြောကြားသည်ဟု NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။