ရုရှားက နျူကလီးယားထိပ်ဖူးတပ် ရေအောက်သွားဒရုန်းကို အောင်မြင်စွာစမ်းသပ်

(နိုင်ငံတကာ)

ရုရှားနိုင်ငံအနေဖြင့် နောက်ဆုံးပေါ်နည်းပညာမြင့် နျူကလီးယားထိပ်ဖူးတပ် ရေအောက်သွားဒရုန်းကို အောင်မြင်စွာစမ်းသပ်လိုက်နိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောသည်။

အဆိုပါဒရုန်းကို Poseidon ဟု အမည်ပေးထားပြီး စမ်းသပ်မှုကို အောက်တိုဘာလ ၂၈ ရက် တွင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပူတင် က အောက်တိုဘာလ ၂၉ ရက်တွင် ပြောသည်။

ထိုဒရုန်းသည် လိုအပ်သော အမြန်နှုန်းနှင့် ရေအောက်အနက်သို့ ရောက်သွားသောအခါ ကမ္ဘာပေါ်ရှိ မည်သည့်လက်နက်နှင့်မျှ မနှိုင်းယှဉ်နိုင်သည့် လက်နက်စနစ်တစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း ပူတင် က စစ်ဆေးရုံတစ်ခုသို့သွားစဉ် ပြောထားခြင်း ဖြစ်သည်။

ထို့ပြင် လက်ရှိအချိန်အထိ မည်သည့်လက်နက်စနစ်ကမျှ Poseidon စနစ်ကို ကြားဖြတ်ဟန့်တားနိုင်ခြင်း မရှိကြောင်း၊ ယင်းစနစ်ကို ရေငုပ်သင်္ဘောမှပစ်လွှတ်ခြင်းဖြစ်ကြောင်း၊ ထိုလက်နက်စနစ်၏သွားလာမှုအတွက် နျူကလီးယားစွမ်းအင်ကို အသုံးပြုထားခြင်းဖြစ်ကြောင်း ပူတင်က အလေးပေး ပြောသည်။

ထိုလက်နက်စနစ်သည် အရှည်မီတာ ၂၀ နှင့် အလေးချိန်တန် ၁၀၀ ရှိကာ မီတာ ၁,၀၀၀ အနက်မှနေ၍ တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်း ဖြင့် သွားနိုင်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။