
(နိုင်ငံတကာ) အောက်တိုဘာ ၂၈
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အာရှဒေသသို့ရောက်ရှိနေစဉ် အမေရိကန်တပ်မတော်မှတိုက်လေယာဉ် တစ်စင်းနှင့်ရဟတ်ယာဉ်တစ်စင်းသည် တောင်တရုတ်ပင်လယ်အတွင်း မိနစ် ၃၀ ခြားပြီး ပျက်ကျမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
တောင်တရုတ်ပင်လယ်အတွင်းရှိ USS Nimitz လေယာဉ်တင်သင်္ဘောပေါ်၌ တာဝန် ထမ်းဆောင်နေသော Sea Hawk ရဟတ်ယာဉ်တစ်စင်းသည် ပုံမှန်လုပ်ငန်းများဆောင်ရွက်နေစဉ် အောက်တိုဘာ လ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်ပျက်ကျကြောင်း အမေရိကန်ရေတပ်က လူမှုကွန်ရက်၌ တင်ထားသည်။
အလားတူ ထိုလေယာဉ်တင်သင်္ဘောမှ F/A-18F Super Hornet တိုက်လေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ပျက်ကျမှုဖြစ်ပွားကြောင်း၊ ယင်းမတော်တဆမှုများအတွင်း ပါဝင်သူ ငါးဦးစလုံးမှာ အသက်ဘေး စိုးရိမ်ရခြင်းမရှိကြောင်းနှင့်စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း အမေရိကန်ရေတပ်က အောက်တိုဘာလ ၂၇ ရက်တွင် လူမှုကွန်ရက် ၌ တင်ထားသည်။
ယင်းလေယာဉ်တင်သင်္ဘောဦးဆောင်သော တိုက်ခိုက်ရေးအုပ်သည် အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းဒေသသို့မပြန်မီ တောင်တရုတ်ပင်လယ်အတွင်း နောက်ဆုံးအကျော့ လှည့်ပတ်သွားလာမှုလုပ်စဉ် ယခုကဲ့သို့မတော်တဆမှုများနှင့်ရင်ဆိုင်ရခြင်းဖြစ်ကြောင်း Bangkok Post သတင်းဌာနဖော်ပြချက်အရ သိရသည်။
#PAN