(နိုင်ငံတကာ) အောက်တိုဘာ ၁
ထိုင်းနိုင်ငံကိုဖြတ်ကျော်ပြီး မလေးရှားနိုင်ငံမှာအလုပ်သွားလုပ်မယ့် မြန်မာအလုပ်သမား ၉၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၉၀ ဦး ကို ထိုင်းနိုင်ငံ ကန်ချနပူရီ ပြည်နယ် ခေါင်တုန်းကျေးရွာအနီးမှာ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁ နာရီက ထိုင်းအာဏာပိုင်တွေဖမ်းဆီးလိုက်တာပါ။

စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းဖို့ ကြိုးစားနေတဲ့ မသင်္ကာဖွယ် ယာဉ်လေးစီးကို ထိုင်းအာဏာပိုင်ပူးပေါင်းအဖွဲ့တွေက ခေါင်တုန်းကျေးရွာအနီးမှာ ပိတ်ဆို့၊ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေက ဆိုပါတယ်။
ဖမ်းဆီးနေချိန်အတွင်း ယာဉ်မောင်း ၂ ဦးနဲ့ အလုပ်သမား ၁၂ ဦးခန့် ထွက်ပြေး လွတ်မြောက်သွားပေမယ့်လည်း မြန်မာလုပ်သား ၉၀ ဦး၊ ထိုင်းယာဉ်မောင်း ၁ ဦးနဲ့မြန်မာယာဉ်မောင်း ၁ ဦး ကို အာဏာပိုင်များက ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း အဲဒီသတင်းတွေက ပြောပါတယ်။
မြန်မာအလုပ်သမားတစ်ဦးကို ပွဲစားခ အနည်းဆုံး ဘတ် ၃၀,၀၀၀ ကနေ ၆၀,၀၀၀ အထိ ပေးဆောင်ထားရတယ်လို့ သိရပါတယ်။
အခုလ စက်တင်ဘာ ၁ရက်ကနေ ၃၀ ရက်အထိ ကန်ချနပူရီနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၁,၀၀၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
#PAN