KIA ကို ဆက်ကြေးပေးတူးနေတဲ့ လန်ဆယ်က ရွှေမှော်တွေကို လေယာဉ်ဗုံးကြဲ ဟုဆို

(ပြည်တွင်း) စက်တင်ဘာ ၂၃

ကချင်လက်နက်ကိုင်အဖွဲ့ KIA ကို ဆက်ကြေး(ငွေကြေး) အမြောက်အများပေးကာ တရားမဝင်ရွှေတူးဖော်နေတဲ့ ကချင်ပြည်နယ် လန်ဆယ်ဒေသက ရွှေမှော်တွေကို လေကြောင်းကနေ ဗုံးကြဲရှင်းလင်းတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အဲ့ဒီသတင်းတွေမှာတော့ စက်တင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာလာရောက်ဗုံးကြဲသွားတာလို့ ပြောဆိုထားသလို သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေရှိတယ်လို့သိရပြီး သီးခြားအတည်ပြုချက်တော့မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လတုန်းက ဒေသခံတွေရဲ့ဘိုးဘွားပိုင်မြေ ဧက ၂၀၀၀ ကျော်ကို KIO/KIA က သိမ်းယူပြီး “ဝ”အဖွဲ့ပူးပေါင်းကားရွှေတူးဖော်မှုတွေလုပ်ဆောင်တယ်ဆိုတဲ့သတင်းတစ်ချို့ထွက်ပေါ်လာသလို ဒေသခံအမျိုးသမီးတွေကို KIA က အဓမ္မအကြမ်းဖက်မှုတွေပြုလုပ်တာကြောင့် ဒေသခံတွေက ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲက လန်ဆယ်ဒေသကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ က ကချင်လက်နက်ကိုင် KIA နဲ့ ခါကာဘို KPF အကြမ်းဖက် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လန်ဆယ်ဒေသမှာ ၀ ကုမ္မဏီတွေက စက်ယန္တရားကြီးတွေနဲ့တူးဖော်နေသလို ဝ လက်နက်ကိုင်တွေက လုံခြုံရေးလုပ်ဆောင်ပေးနေတယ်လို့ ဒေခံတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီး ကချင်သတင်းတစ်ရပ်က ဖော်ပြခဲ့ဖူးပါတယ်။

လန်ဆယ်ဒေသမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်နဲ့ လူဦးရေ စုစုပေါင်း ၂၀၀၀ ကျော်နေထိုင်တယ်လို့ သိရပြီး အများစုမှာ လီဆူလူမျိုး နဲ့ ရဝမ်လူမျိုး ဖြစ်တယ်လို့ သိရပါတယ်။