ရွေးကောက်ပွဲမလုပ်တဲ့ မိုင်းလားမှာ ကမ္ဘာ့ဆရာ/မများနေ့ အခမ်းအနား ကျင်းပ

(ပြည်တွင်း) စက်တင်ဘာ ၂၃

၂၀၂၅ ပါတီစုံအထွေထွေရွေးကောက်ပွဲတွေမကျင်းပတဲ့ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA ထိန်းချုပ်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄)က မိုင်းလာမြို့မှာ ကမ္ဘာ့ဆရာ/မများနေ့ အခမ်းအနားကို ကျင်းပတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဆရာ/မများနေ့ဟာ အောက်တိုဘာလ ၅ ရက်နေ့မှာကျရောက်မှာဖြစ်ပေမယ့် သီတင်းကျွတ်ကာလနဲ့ တိုက်နေသလို ယခုလ လကုန်ပိုင်းမှာလည်း စာမေးပွဲဖြေဆိုဖို့ရှိနေတာကြောင့် ကြိုတင်ပြုလုပ်တာလို့ သိရပါတယ်။

မိုင်းလားမြို့ အခြေခံပညာအထက်တန်းကျောင်းမှာပြုလုပ်တဲ့ အဆိုပါအခမ်းအနားမှာ ကျောင်းသားကျောင်းသူတွေက ဆရာ/မတွေကို အမှတ်တရလက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့ခဲ့ကြသလို ဉာဏဆုရရှိသူတွေကို ဆုချီး မြှင့်ပေးခဲ့တယ်လို့ မိုင်းလားသတင်းကဖော်ပြပါတယ်။

အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသမှာ ရွေးကောက်ပွဲတွေမလုပ်နိုင်သလို ယခင်ကတည်းက ရွေးကောက်ပွဲမလုပ်ဘူးလို့ NDAA က ငြင်းဆိုထားတယ်လို့ သိရပါတယ်။