ရွေးကောက်ပွဲပျက်အောင်ကြံရွယ်တဲ့ လွိုင်ကော်နဲ့ရွှေပြည်သာက လူငယ်တွေကို၂၃(က) နဲ့အရေးယူ

(မှုခင်း) စက်တင်ဘာ ၂၃

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေဖို့ရည်ရွယ်ပြီး နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်တဲ့ လွိုင်ကော်နဲ့ ရွှေပြည်သာက လူငယ် ၈ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်​တွေ ပျက်ပြားစေဖို့ လှုံ့ဆော်ခဲ့ကြတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်မှာနေထိုင်တဲ့ ပိုင်ပိုင်စိုး(ခ) မျိုးမင်းခန့်(ခ)ပိုင်စိုး (၁၈)နှစ်၊ ဟန်ထွန်းအောင်(ခ) ရဲမင်းကိုကို (ခ)ဟန်ကြီး (၁၈)နှစ်၊ အောင်နိုင်လင်း (၁၇)နှစ်၊ ဖြိုးပိုင်ဇေအောင် (၁၆)နှစ်နဲ့ ထွန်းနေဦးလှိုင် (၁၄)နှစ်တို့ကို စက်တင်ဘာလ ၁၄ ရက်နေ့က လွိုင်ကော်မြို့မရဲစခန်းက (ပ)၂၁၈/၂၀၂၅ နဲ့ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေပြည်သာမြို့နယ်မှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်​တွေ ပျက်ပြားစေဖို့ ဆန္ဒပြ၊ လှုံ့ဆော်တာတွေပြုလုပ်ခဲ့တဲ့ ရွှေပြည်သာမြို့နယ် အမှတ်(၅)ရပ်ကွက်က ရဲသူရအောင် (၃၆)နှစ်၊ ကျော်ဝဏ္ဏ (၂၅)နှစ်၊ ချစ်ဝင်း (၄၅)နှစ်နဲ့ ပြေထွန်း (၃၄)နှစ်တို့ကိုလည်း စက်တင်ဘာလ ၁၆ ရက်နေ့က ရွှေပြည်သာမြို့မရဲစခန်းက (ပ) ၃၄၇/၂၀၂၅ နဲ့ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

အဆိုပါ ​နှောင့်ယှက်ဟန့်တာယသူတွေကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က)နဲ့ အသီးသီးအမှုဖွင့်ကာ ဖမ်းဆီးအရေးယူစစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာတွေ အများပြည်သူဆိုင်ရာနေရာတွေမှာ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာ​တွေချိတ်ဆွဲခြင်း စတဲ့ နှောင့်ယှက်ဟန့်တားဖျက်ဆီးတာတွေကို စုံစမ်း ဖော်ထုတ်ပြီး ထိရောက်စွာအရေးယူမယ်လို့ သိရပါတယ်။