တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံသို့ဝင်ရောက်တိုက်ခတ်

(မိုး/ဇလ) စက်တင်ဘာ ၂၃

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းသို့ တိုက်ခတ်လာသည့် တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ ကို ကာကွယ်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးတုံ့ပြန်ရေးအေဂျင်စီအပါအဝင် ဝန်ကြီးဌာနများ က ပြင်ဆင်ဆောင်ရွက်ရေးအတွက် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ညွှန်ကြားခဲ့သည်။

လေတိုက်နှုန်းတစ်နာရီလျှင် ၂၉၅ ကီလိုမီတာရှိသည့် ယင်းတိုင်ဖွန်းမုန်တိုင်းသည် ဗာဗူယန်ကျွန်းနှင့် ကေလာယန်ကျွန်းတို့သို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ ကေလာယန် ကျွန်းတွင် မြေပြိုခြင်းဖြစ်ပွားခဲ့ကြောင်း မိုးလေ၀သဌာန က ပြောကြားသည်။

နိုင်ငံမြောက်ပိုင်း ကာဂါယန် ပြည်နယ်ရှိ ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများအား ဘေးလွတ်ရာပြောင်းရွှေ့ရေးညွှန်ကြားခဲ့ပြီး လေပြင်း တိုက်ခြင်းနှင့် မိုးသည်းထန်ခြင်းတို့ဖြစ်ပွားခဲ့သည်။

မက်ထရိုမနီလာဒေသနှင့် လူဇုံဒေသတို့ရှိ လုပ်ငန်းများနှင့် ပညာသင်ကြား ခြင်းများကို ရပ်ဆိုင်းခဲ့ပြီး လျှပ်စစ်ဓာတ်အားများပြတ်တောက်ကာ မြေပြိုခြင်းနှင့် ရေကြီးရေလျှံခြင်း သတိပေးချက် များ ထုတ်ပြန်ခဲ့သည်။ သဘာဝဘေးသင့်သူများအား ကူညီရေးအတွက် ဆောင်ရွက်ရန် တပ်မတော်သားများအား ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။

တရုတ်နိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ တိုက်ခတ်လာသည့် အတွက် စက်တင်ဘာလ ၂၂ ရက်တွင် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ရှိ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး သတိပေးချက်ကို အဆင့်(၂)သို့ မြှင့်တင်ခဲ့သည်။

ဒေသအတွင်းရှိ ဇူဟိုင်နှင့်ဂျန်မန်မြို့တို့ရှိ ပညာသင်ကြားရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအပါအဝင် လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ကြောင်း ဒေသန္တရကာကွယ်ရေးဌာနက ရေကြီးရေလျှံမှု ပြောကြားသည်။

ဂျန်မန်မြို့ရှိ ချောင်ရှန်ကျွန်းသို့ ခရီးသည်တင် ကူးတို့ပြေးဆွဲခြင်းများကို စက်တင်ဘာလ ၂၃ရက် မှစတင်ကာရပ်နားထားမည် ဖြစ်သည်။

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကွမ်တုံပြည်နယ် အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် မိုးသည်းထန်နိုင်ကြောင်း သိရသည်။

အဆိုပါတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရထား ပြေးဆွဲရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရေးအတွက် ကွမ်တုံပြည်နယ် ရှိ မြန်နှုန်းမြင့်ရထားနှင့် သာမန်ရထား ပြေးဆွဲခြင်းလုပ်ငန်းများကို စက်တင်ဘာလ ၂၂ ရက်မှ စတင်၍ ရပ်ဆိုင်းခဲ့သည်။

အိမ်နီးချင်း ဖူကျန်းပြည်နယ်တွင် လည်း တိုင်ဖွန်းမုန်တိုင်း သတိပေးချက်ကို အဆင့် (၃) သို့ မြှင့်တင်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။