ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ပြန်လည်ဖွဲ့စည်းရန်လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ် အီရှီဘာ ပြောကြား

(နိုင်ငံတကာ) စက်တင်ဘာ ၂၂

ဂျပန်ဝန်ကြီးချုပ် အီရှီဘာက လာမည့်ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အား ပြန်လည်ဖွဲ့စည်းရန်လိုအပ်သည်ဟု ပြောကြားမည်ဖြစ်ကြောင်း NHK သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အီရှီဘာသည် စက်တင်ဘာလ ၂၃ ရက်မှစပြီး နယူးယောက်မြို့သို့ သွားရောက်ရန် စီစဉ်ထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများကို အပ်နှင်းထားသည့် ဗီတိုအာဏာသည် အင်အားကြီး နိုင်ငံများကြား ထိပ်တိုက်တွေ့ဆုံမှုများကို ဟန့်တားရန်အတွက်သာ ဖြစ်ကြောင်း နှင့် အချို့သောကိစ္စရပ်များတွင် အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူညီသော်လည်း အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက ဗီတိုအာဏာဖြင့် ပယ်ချနိုင်သည့် အခွင့်အရေးရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် ရလဒ်ထွက်ပေါ်ခြင်းမရှိကြောင်း ဝန်ကြီးချုပ် အီရှီဘာက ပြောကြားသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ အရေအတွက်တိုးချဲ့ခြင်းအပါအဝင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် အီရှီဘာ က ပြောကြားရန် ရည်ရွယ်ထားသည်။ အရှေ့အလယ်ပိုင်းအခြေအနေများနှင့် ပတ်သက် ပြီး ဂါဇာမြို့တော်၌ အစ္စရေး၏မြေပြင်စစ်ဆင်ရေးကို ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။

ဂျပန်သည် ပါလက်စတိုင်း ကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ပါလက်စတိုင်း အစိုးရ၏အုပ်ချုပ်ရေးကို ပိုမိုအားကောင်းစေရန်နှင့်ဟားမတ်စ်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန်လည်း တိုက်တွန်းမည် ဖြစ်ကြောင်း ဝန်ကြီး အီရှီဘာ က ပြောကြားခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။