(မှုခင်း) စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ ကျေးရွာအနီး အနီးတွင်း အကြမ်းဖက်သမား PDF များသယ်ဆောင်လာသည့် လက်နက်/ခဲယမ်း များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်သမား PDF ဖြစ်သူ သန်းလွင် ဆိုသူသည် ရဟန်းသံဃာ အယောင်ဆောင်၍လက်နက်ခဲယမ်းများအား ဖြူးမြို့နယ်၊ ကျောက်တိုင်ကျေးရွာမှ သယ်ဆောင်ကာ ဇယားကျေးရွာအား ဖြတ်သန်း၍ ၎င်းမှတစ်ဆင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့အနီး (သို့မဟုတ်) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂၈/၂ သို့ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိ သိရှိရသဖြင့် စက်တင်ဘာ ၁၄ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြူးမြို့နယ်၊ ညောင်ပင်သာ ကျေးရွာအနီး စောင့်ဆိုင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျောက်တိုင်ကျေးရွာဘက်မှ ညောင်ပင်သာကျေးရွာဘက်သို့ ရဟန်းသံဃာအယောင်ဆောင် အကြမ်းဖက်သမား PDF ဖြစ်သူ သန်းလွင် မောင်းနှင်လာသည့် ယာဉ်အမှတ်၊ RLG / 1412၊ X-Trail အနက်ရောင် လိုင်စင်မဲ့ ယာဉ်အား ယာဉ်၏ကိုယ်ထည်အတွင်းသို့ဝှက်သယ်ဆောင်လာသည့် လက်နက်မျိုးစုံ ၉ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ ရဟန်းသံဃာအယောင်ဆောင် အကြမ်းဖက်သမား PDF ဖြစ်သူအား ဝိနည်းဓမ္မကံဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အညီလူဝတ်လဲ၍ စစ်ဆေးမေးမြန်းသတင်းဆက်စပ်ဖော်ထုတ် ချက်များအရ အဆိုပါလက်နက်ခဲယမ်းများကို လာရောက်ယူဆောင်မည့်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂၇/၆ အနီး၊ လမ်း၏ အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာတွင် ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားသူ အကြမ်းဖက်သမား PDF များနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အပြန်အလှန်ထိတွေ့မှုဖြစ်ပွားနေချိန်တွင်ဖမ်းဆီးရမိ ရဟန်းသံဃာ အယောင်ဆောင် အကြမ်းဖက်သမား PDF ဖြစ်သူ သန်းလွင် သည်အခွင့်ကောင်းယူထွက်ပြေးရန်ကြိုးစားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရပ်တန့်ရန်ပြောကြားခဲ့သော်လည်းရပ်တန့်ခြင်းမရှိသောကြောင့်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ သန်းလွင် သည်ရရှိဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သမား PDF ဖြစ်သူ၏ အကြမ်းဖက်လုပ်ရပ်များကို သက်ဆိုင်ရာဒေသခံများအနေဖြင့်လက်ခံမှုမရှိဘဲကြောက်ရွံ့စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကာ ၎င်းတို့၏လှုပ်ရှားမှုသတင်းများအား ယခု ကဲ့သို့အချိန်မီပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်မည့်လက်နက်၊ ခဲယမ်းများကိုအချိန်မီဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏လှုပ်ရှားမှုသတင်းများ ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့လျှို့ဝှက်စွာသတင်းပေးပို့၍ ရပ်ရွာတည်ငြိမ်အေးချမ်း ရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
