
(နိုင်ငံတကာ) ဩဂုတ် ၂၂
တောင်ကိုရီးယားနိုင်ငံကနေ မြောက်ကိုရီးယားနိုင်ငံကို တစ်ဦးချင်းခရီးစဉ်တွေ ခွင့်ပြုဖို့ ကြိုးပမ်းနေတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ နှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗြောင်းဆန် က ပြောဆိုလိုက်ပါတယ်။
“တောင်ကိုရီးယားအစိုးရဟာ ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေကိုဖြေလျှော့ဖို့နဲ့ ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးကိုမြှင့်တင်ဖို့ရည်ရွယ်ချက်နဲ့ တစ်ဦးချင်းခရီးစဉ်တွေခွင့်ပြုဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပြီး အဲ့ခရီးစဉ်တွေဟာ နိုင်ငံတကာပိတ်ဆို့မှုတွေကို ချိုးဖောက်နေတာမဟုတ်ဘူးလို့” ဗြောင်းဆန်ရဲ့ ပြောဆိုချက်ကို ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနဲ့တင်းမာနေတဲ့ဆက်ဆံရေးကို တိုးတက်စေရမယ်လို့ကတိပြုထားတဲ့ တောင်ကိုရီးယားသမ္မတ အီဂျေမြောင်ဟာ ရွေးကောက်ပွဲအပြီးမှာ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် မြောက်ကိုရီးယားဆန့်ကျင်ရေး အသံချဲ့စက်ထုတ်လွှင့်မှုတွေကို ရပ်တံ့ထားပြီးနောက် အခုလို တစ်ဦးချင်းခရီးစဉ်တွေကို ခွင့်ပြုဖို့ ထပ်မံကြိုးစားလာတာဖြစ်ပါတယ်။
သမ္မတ အီဂျေမြောင်ရဲ့ အစိုးရဟာ မြောက်ကိုရီးယားအစိုးရကိုပစ်မှတ်ထားဆန့်ကျင်တဲ့ ယွန်ဟတ် သတင်းဌာနရဲ့ ထုတ်လွှင့်မှုအားလုံးကိုလည်း တနင်္လာနေ့ကစပြီး ဆိုင်းငံ့ထားလိုက်တယ်လို့ သိရပါတယ်။
COVID-19 ကန့်သတ်ချက်တွေ ရုတ်သိမ်းပြီးသွားထဲက ရုန်းကန်နေရတဲ့ခရီးသွားလုပ်ငန်းကိုပြန်လည်မြှင့်တင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် က ဝွမ်းဆန်း မြို့မှာ ကမ်းခြေအပန်းဖြေစခန်းတစ်ခုကို မကြာသေးမီကပဲ ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း နိုင်ငံခြားဧည့်သည်တွေကိုတော့ ယာယီလက်ခံမှာမဟုတ်သေးဘူးလို့ မြောက်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားခရီးသွားလုပ်ငန်းစီမံခန့်ခွဲရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ DPR Korea Tour က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
နျူကလီးယားနဲ့ လက်နက်အစီအစဉ်တွေကြောင့် မြောက်ကိုရီးယားရဲ့ ခရီးသွားလုပ်ငန်းတွေကို ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှုထားတာဖြစ်ပါတယ်။