
(ပြည်တွင်း) ဩဂုတ် ၈
ကွယ်လွန်သွားပြီဖြစ်သည့် နိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ဈာပန အခမ်းအနားကို လာမယ့် ဩဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေရဲ့ဖော်ပြချက်တွေအရ သိရပါတယ်။
ဩဂုတ်လ ၇ ရက်နေ့ မနက် ၈ နာရီ ၂၈ မိနစ်ကကွယ်လွန်သွားတဲ့ အသက် ၇၅ နှစ်အရွယ် နိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ဈပနကို ဩဂုတ် ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်မှာ အမှတ်(၂) တပ်မတော်ဆေးရုံကုတင် ၁၀၀၀ ကနေ တပ်မတော်စစ်သင်္ချုင်းကို ပို့ဆောင်မီးသင်္ဂြိုဟ်မှာဖြစ်တယ်လို့ ရပ်နီးရပ်ဝေးက ဆွေမျိုးမိတ်သင်္ဂဟတွေကို ကျန်ရစ်သူမိသားစုက အသိပေးထားပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားတဲ့ ဩဂုတ်လ ၇ ရက်ကနေ ဩဂုတ်လ ၁၁ ရက်နေ့အထိ (၅) ရက်တာကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းကာလအဖြစ် ကြေညာထားသလို ဈာပနကိုလည်း နိုင်ငံတော်ဈာပနအဖြစ် ပြုလုပ်သွားမည်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ဈာပနအခမ်းအနားကို နိုင်ငံတော်ဈာပနကျင်းပဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ကိုယ်တိုင် ကျင်းပရေးကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေပြီး ဈာပနအခမ်းအနားမှာလိုအပ်ချက်မရှိစေဖို့ ဈာပနအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ဖို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ မိုင်းလားအထူးဒေသတို့က ဝမ်းနည်းကြောင်းသဝဏ်လွှာတွေပေးပို့ထားတယ်လို့လည်း သိရပါတယ်။