
(ပြည်တွင်း) ဩဂုတ် ၇
ယာယီသမ္မတ ဦးမြင့်ဆွေ သည် ယနေ့ ဩဂုတ်လ ၇ ရက် နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ် ၂ တပ်မတော်ဆေးရုံ ကုတင် ၁၀၀၀ တွင် ကွယ်လွန်သွားပြီဖြစ်ပြီး စျာပနကို နိုင်ငံတော်စျာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
ယာယီသမ္မတဦးမြင့်ဆွေကွယ်လွန်ခြင်းအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲတိုမှ ဝမ်းနည်းကြောင်း မှတ်တမ်းတင်ခဲ့ကြကြောင်း တွေ့ရှိရသည်။
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာအာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတိုကို စတင်ခံစားခဲ့ ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲမှ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်းမာရေးစမ်းသပ်စစ်ဆေးချက် များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့်ရောဂါ (Parkinson’s Disease) ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတိုအား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင် လည်းကောင်း ဆေးကုသမှုများခံယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရောဂါစစ်ဆေးချက်များအရ ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိအခြေအနေ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတိုကြောင့် ဇူလိုင် ၂၄ ရက်တွင် အမှတ် (၂)တပ်မတော် ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၀၇ ခုနှစ်အောက်တိုဘာ ၁၂ ရက်နေ့ကကွယ်လွန်သွားသည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းဈာပနအား နိုင်ငံတော်ဈာပနအဖြစ် မင်္ဂလာဒုံစစ်သင်္ကျိုင်းမှာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။