
(ပြည်တွင်း) ဇူလိုင် ၃၀
ငလျင်ဒဏ်သင့်ဒေသများဖြစ်တဲ့ နေပြည်တော်နှင့်မန္တလေးမြို့များမှာ ဩဂုတ်လမှာ သင့်တင့် မျှတသော ဈေးနှုန်းနဲ့ ဆန်များရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းကနေ သိရပါတယ်။
လက်ရှိတွင် ရန်ကုန်၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းတို့မှ ပူးပေါင်း၍ ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများသက်သာသောဈေးနှုန်းနဲ့ ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်ကာ ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။
လာမည့်ဩဂုတ်လဆန်းပိုင်းတွင် နေပြည်တော်နှင့်မန္တလေးမြို့မှာ ပြည်တွင်းစားဆန်ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့်ဧည့်မထဆန်များကို သင့်တင့်မျှတသောဈေးနှုန်းနဲ့ ရောင်းချပေးသွားမည် ဖြစ်ပါတယ်။
အဆိုပါ အစီအစဉ်နဲ့ ရန်ကုန်မြို့ရှိ ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှာ ရောင်းချပေးနေရာမှ မြို့နယ်တိုင်းရှိ အသင်းဝင်ဆန်ဆိုင်များမှာပါ ဝယ်ယူရရှိနိုင်ရေးကိုပါ စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။