ရုရှားလေကြောင်းလိုင်း Aeroflot ရဲ့ အချက်အလက်စနစ်တွေ ချို့ယွင်းခဲ့တာကြောင့် လေကြောင်းခရီးစဉ် ဒါဇင်များစွာကို ဖျက်သိမ်းခဲ့ရ

(နိုင်ငံတကာ) ဇူလိုင် ၂၈

ရုရှားလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Aeroflot ရဲ့ အချက်အလက်စနစ်တွေ ချို့ယွင်းမှုခဲ့တာကြောင့် ဒီနေ့ ဇူလိုင်လ ၂၈ ရက်နေ့မှာ လေကြောင်းခရီးစဉ် ဒါဇင်များစွာကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

ရုရှားအမျိုးသားလေကြောင်းလိုင်းကတော့ ပြဿနာရဲ့အကြောင်းရင်း ဒါမှမဟုတ် ဒီပြဿနာကိုဖြေရှင်းဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလကတွေကို ပြောကြားထားတာတော့ မရှိပါဘူး။

“လေယာဉ်ပျံသန်းမှုအချိန်ဇယားအပေါ်သက်ရောက်မှုအနည်းဆုံးဖြစ်အောင်နဲ့ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းတွေကိုအမြန်ဆုံးပြန်ပေးနိုင်ဖို့ ကျွမ်းကျင်သူတွေကလုပ်ဆောင်နေသည်” ဟု Aeroflot က ပြောပါတယ်။

လူမှုကွန်ယက် Telegram မှာတော့ ရုရှားနိုင်ငံတစ်ဝှမ်းကို ဦးတည်ပျံသန်းမယ့် လေယာဉ်ခရီးစဉ် ၄၀ ကျော်ကို ဖျက်သိမ်းခဲ့တဲ့အပြင် ဘီလာရုနိုင်ငံ မြို့တော် မစ်ခ် နဲ့ အာမေးနီးယန်းရဲ့ မြို့တော် ယေရီဗန် ကိုပျံသန်းမယ့်ခရီးစဉ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပျံသန်းမှုတွေကို ဖျက်သိမ်းလိုက်တာ‌ကြောင့် ခရီးသည်တွေဟာ သူတို့ရဲ့ check-in လုပ်ထားတဲ့ ခရီးဆောင်အိတ်တွေ ပြန်လည်ရယူပြီး ထွက်ခွာကြဖို့ Aeroflot ဟာ မော်စကိုလေဆိပ်က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းနဲ့ ရုရှားစစ်ပွဲ စတင်ခဲ့ပြီးကတည်းက ရုရှားနိုင်ငံက ခရီးသွားတွေဟာ လေယာဉ်ပျံသန်းမှု အနှောင့်အယှက်တွေကို ကျင့်သားရလာကြပေမယ့်လည်း အဲဒီလိုနှောင့်နှေးမှုတွေထဲမှာ အများအားဖြင့် ဒရုန်းတိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် လေဆိပ်ကို ယာယီပိတ်ထားတာတွေ ဖြစ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေအပြင် ခရီးသွားလာမှုနဲ့ လေလမ်းကြောင်းတွေ အကန့်အသတ်တွေရှိနေပေမယ့် Aeroflot ဟာ ခရီးသည်အရေအတွက်အရ ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းလေကြောင်းလိုင်း 20 မှာ ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။