
(နိုင်ငံတကာ) ဇူလိုင် ၂၃
ဘင်္ဂလားဒေ့ရှ်စစ်တပ်ပိုင် တရုတ်နိုင်ငံလုပ် F-7 BGI လေတပ်ဂျက်လေယာဉ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာရှိတဲ့ စာသင်ကျောင်းတစ်ခုရဲ့ကျောင်းဝင်းအတွင်းပျက်ကျခဲ့မှုဖြစ်ပွားခဲ့မှုအပေါ် တရားမျှတမှုနဲ့ လျော်ကြေးပေးဖို့ ကျောင်းသားတွေက ဆန္ဒပြတောင်းဆိုနေကြတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ Milestone School and College ပိုင်အဆောက်အအုံတစ်ခုရဲ့ ဝင်းအတွင်းကို စစ်တပ်ပိုင်ဂျက်လေယာဉ် ပျက်ကျခဲ့တာကြောင့် မီးလောင်ပေါက်ကွဲကာ ကျောင်းသား/ကျောင်းသူ ၃၁ ဦးသေဆုံးခဲ့ရပြီး မီးလောင်မှုနဲ့အပျက်အစီးတွေကြားပိတ်မိနေသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ကျောင်းဆင်းချိန် နေအိမ်ကိုပြန်ခါနီးမှာဖြစ်ပွားခဲ့တာဖြစ်လို့ သေဆုံးသူများပြားခဲ့တာဖြစ်ပြီး သေဆုံးသူ ၃၁ ဦးအနက် ၂၅ ဦးဟာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတော့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် စစ်လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့တာလို့ပြောဆိုထားသလို အစိုးရအရာရှိကြီးနှစ်ဦးကလည်း လေယာဉ်ပျက်ကျရာနေရာကိုလာရောက်ကြည့်ရှု့ခဲ့တယ်လို့ နိုင်ငံတွင်းမီဒီယာတစ်ချို့က ပြောဆိုထားပါတယ်။
Milestone School and College က ကျောင်းသားတွေနဲ့ အခြားကောလိပ်တွေက ကျောင်းသားတွေဟာ တိကျတဲ့သေဆုံးသူစာရင်းကို တောင်းဆိုနေကြသလို တရားမျှတမှုနဲ့ လျော်ကြေးပေးဖို့ကိုလည်း ဆန္ဒပြတောင်းဆိုကြတယ်လို့ သိရပါတယ်။
မြို့တော် ဒါကာရဲ့ နေရာအချို့မှာ ရာနဲ့ချီတဲ့ကျောင်းသားတွေဟာ ဆန္ဒပြတောင်းဆိုမှုတွေ အရှိန်မြင့်မားလာတာကြောင့် အစိုးရ ရဲတပ်ဖွဲ့က နံပါတ်ထုတ်တွေ မျက်ရည်ယိုဗုံးတွေနဲ့ အသံဗုံးတွေ အသုံးပြုဖြိုခွင်းနေပါတယ်။
ရဲတပ်ဖွဲ့ရဲ့ဖြိုခွင်းမှုကြောင့် ဆန္ဒပြကျောင်းသားတွေ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူ အရေအတွက်ကိုမဖော်ပြထားသလို ဆန္ဒပြသူတွေကို လူစုခွဲဖို့ ဒါကာမြို့တော် ရဲတပ်ဖွဲ့ လက်ထောက် ကော်မရှင်နာ တာလီဘာ ရာမန်က မျက်ရည်ယိုဗုံးတွေ သုံးခဲ့တယ်လို့ ကျောင်းသားတွေကပြောပါတယ်။
ဆန္ဒပြကျောင်းသားအချို့ကတော့ ဖက်ဒရယ်အစိုးရ အတွင်းဝန်ရုံးရဲ့ ပင်မဂိတ်ပေါက်ကို ဖြတ်ကျော်ကာ ပညာရေးအကြံပေးနုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့နေတာကို ဒေသတွင်း ရုပ်မြင်သံကြားတွေမှာ ဖော်ပြထားပါတယ်။
အဆိုပါ ဂျက်လေယာဉ်ဟာ ပုံမှန်လေ့ကျင့်ရေးအဖြစ် ဒါကမြို့က လေတပ်စခန်းမှာ ဆင်းသက်ဖို့လုပ်ဆောင်ခဲ့ပေမယ့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပေါ်လာခဲ့တာကြောင့် လေယာဉ်မှူးဟာ လူနေထူထပ်တဲ့နေရာတွေကနေ လေယာဉ်ကို လမ်းကြောင်းပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် ကျောင်းဝင်းအတွင်းကို ပျက်ကျခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်လေတပ်ကပြောဆိုထားပြီး ဖြစ်စဉ်အတွင်း လေယာဉ်မှူးပါ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။