(ပြည်တွင်း) ဇူလိုင် ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူ များအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် TNLA ၊ DPLA နှင့် MDY-PDF အဖွဲ့ဝင် စုစုပေါင်း ၁၄ ဦး၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် DPLA နှင့် MDY-PDF အဖွဲ့ဝင် ၁၅ ဦးတို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
ယနေ့တွင်လည်း DPLA အဖွဲ့မှ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၂ ဦးတို့သည် Type-81 အမျိုးအစားသေနတ် ၁၂ လက်၊ ၎င်းကျည် ၁၅၁၅ တောင့်၊ ကျည်အိမ် ၂၁ ခု၊ MA-1 အမျိုးအစားသေနတ် ၁ လက်တိုနှင့်အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာခဲ့သည်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များ၏ ကနဦးပြောကြားချက်များအရ အများစုသည် ရိုးသားစွာ တောင်ယာလုပ်ငန်းလုပ်ကိုင်နေကြသူများဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီး၍ လူသစ်စုဆောင်းခံရသူများဖြစ်ပြီး သီပေါမြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာ မန်လွယ်ကျေးရွာအနီးတွင် သင်တန်းတက်ရောက်ခဲ့ပြီး သင်တန်း တက်ရောက်ပြီးသည့်အခါ နယ်မြေအလိုက် အခြေပြုလှုပ်ရှားသည့် ကျေးရွာများ၊ တောတွင်းစခန်းများတွင် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် လူ့အခွင့်အရေးများ ဆုံးရှုးကာ နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက်မှုဒဏ်ကိုခံခဲ့ရပြီး အဓမ္မစေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရကြောင်း၊ ၎င်းတို့ အဖွဲ့များအတွင်း၌ပင် အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိတော့သည့်အတွက် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုသဖြင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် အတွက် နောင်ချိုမြို့နယ်၊ ဆရာအေးကုန်းကျေးရွာ၊ ထိုမှတစ်ဆင့် ကျောက်တောကျေးရွာ၊ ၎င်းမှတစ်ဆင့် လယ်ကြီးတောကျေးရွာ၊ အင်းဝိုင်းကျေးရွာများသို့ အဆင့်ဆင့် ထွက်ခွာလာခဲ့ပြီး ညောင်ထောက်ကျေးရွာသို့ ရောက်ရှိစဉ် အဆိုပါကျေးရွာအနီး လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းထံသို့ သတင်းပို့ကာ ယခုကဲ့သို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်၌ပြုလုပ်ရာ တပ်နယ်မှတာဝန်ရှိသူများ၊ ခရိုင်/မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြကြောင်း သိရသည်။
ဦးစွာ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် DPLA အဖွဲ့ဝင်များက ၎င်းတို့နှင့်အတူယူဆောင်လာသည့် Type-81 အမျိုးအစားသေနတ် ၁၂ လက်၊ ၎င်းကျည် ၁၅၁၅ တောင့်၊ ကျည်အိမ် ၂၁ ခု၊ MA-1 အမျိုးအစားသေနတ် ၁ လက်တိုကိုအပ်နှံရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး သေနတ် ၁၃ လက်အတွက် ဆုကြေးငွေကျပ်သိန်း ၆၅၀ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။ ထို့နောက် အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံကြကြောင်း သိရသည်။
ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်း သူများထံသို့ ပြန်လည်လွှအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews