ပြည်သူ့စစ်တစ်ဦးသံစူးလို့ ဆေးသွားထိုးရာက သတင်းပေါက်ကြားပြီး ပစ်ခတ်ခံရ

(ပြည်တွင်း) ဇူလိုင် ၁၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့မှာလုံခြုံရေးဆောင်ရွက်နေတဲ့ ပြည်သူ့စစ်တစ်ဦး သံစူးခဲ့တာကြောင့် ကာကွယ်ဆေးသွားထိုးရာက သတင်းပေါက်ကြားသွားခဲ့လို့ ပစ်ခတ်ခံခဲ့ရတယ်လို့ သတင်းအ​ရင်းအမြစ်တွေထံက သိရပါတယ်။

ဇီးကုန်းမြို့ပေါ်မှာ အရက်ဝယ်ပြီး ပြန်လာတဲ့အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဝင်ရောက်ပစ်ခတ်ရာ စစ်တပ်ဘက်က ၄ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့လို့ အကြမ်းဖက်အားပေးမီဒီယာတွေကဖော်ပြပါတယ်။

“ပစ်ခတ်ခံရတဲ့ဖြစ်စဥ်ကတော့မှန်တယ်။ ဒါပေမယ့်သူတို့ပြောသလိုတော့မဟုတ်ဘူး။ ပြည်သူ့စစ်လေးတစ်ယောက် သံစူးလို့ ကာကွယ်ဆေးသွားထိုးတာကို မြို့တွင်းက သတင်းပေးတွေက ပို့လိုက်လို့ လာပစ်တာပါ။ အရက်သွားဝယ်တယ်ဆိုတာ မဟုတ်ပါဘူး” လို့ PAN ရဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင်လှုပ်ရှား ပကဖ. ဗိုလ်ရသ (ခ) ဗိုလ်ပိုင်ချဲ့အဖွဲ့နဲ့ ရေဦးမြို့နယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အကြမ်းဖက်အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကြောင့် ကန့်ဘလူ ပြည်သူ့စစ်က အသက် ၄၅ နှစ်အရွယ် ဦးအောင်ကျော်သူ၏ ယာရင်အုံ/ ဦးခေါင်း ကျည်ဖောက်/ထွက်ဒဏ်ရာ(၁)ချက်၊ အသက် ၅၀ နှစ်အရွယ် ဦးဇော်ဦး ယာခါး ကျည်ဖောက် ဝင်ဒဏ်ရာ၊ အသက် ၄၀ အရွယ် ဦးအောင်နိုင်လင်း ယာလည် ပင်း ကျည်ဖောက်ထွက်ဒဏ်ရာ၊ ယာပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ၊ အသက် ၅၆ နှစ်အရွယ် ဦးဘိုဝင်း ယားခါး/လည် ပင်း ကျည်ဖောက်ထွက်ဒဏ်ရာတွေနဲ့ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“သူတို့သွားလာနေတာကို မြို့ထဲက သောင်းကျန်းသူသတင်းပေးတွေကတွေ့တော့ ဟိုဘက်ကို ​​သတင်းပေးလိုက်တော့ ဖောကားနဲ့လာပစ်သွားတာ”လို့ နီးစပ်သူတွေကပြောပါတယ်။

အကြမ်းဖက်အဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် ကာဘိုင်(၂)လက်၊ AK-47(၁)လက် ဆုံးရှုံးသွားတယ်လို့သိရပြီး ပြည်သူ့စစ်တစ်ဦးကတော့ သူကိုင်ဆောင်တဲ့လက်နက်နဲ့အတူ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။