တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်တို့က B-52 ဗုံးကြဲလေယာဉ်ပါ ပူးပေါင်းလေကြောင်း စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်

*******************

(နိုင်ငံတကာ) ဇူလိုင် ၁၃

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့က B-52 ဗုံးကြဲလေယာဉ်ပါသည့် ပူးပေါင်းလေကြောင်း စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း လုပ်ရခြင်းသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်ဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုစစ်ရေးလေ့ကျင့်ခန်းကို တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂျယ်ဂျူးကျွန်း၏ ကမ်းလွန်ပင်လယ်ပြင်ရှိ နိုင်ငံတကာလေပိုင်နက်အတွင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံမှ B-52 ဗုံးကြဲလေယာဉ်၊ တောင်ကိုရီးယားမှ KF-16 တိုက်လေယာဉ်များနှင့် ဂျပန်နိုင်ငံမှ F-2 တိုက်လေယာဉ်များပါဝင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယခုကဲ့သို့ B-52 ဗုံးကြဲလေယာဉ်ကို အသုံးပြု၍ စစ်ရေးလေ့ကျင့်ခန်းလုပ်ခြင်းက ကိုရီးယားကျွန်းဆွယ်အနီး၌ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကို ပထမဆုံးအသုံးပြုမှုဖြစ်သည်။

#PAN