
(မှုခင်း) ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် မှန်လုံယာဉ်ပေါ်၌ တင်ဆောင်လာသည့် ငွေကျပ် ၃ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဇွန်လ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန် တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ရန်ကုန်မှဘားအံသို့ မောင်းနှင်လာသည့် မှန်လုံယာဉ်အား သတင်းအရစစ်ဆေးရှာဖွေရာ ယာဉ်မောင်း ရန်နိုင်စိုး မောင်းနှင်ပြီး သီဟစိုး(ခ)မောင်စိုးလိုက်ပါလာသောယာဉ်တွင် ယာဉ်မောင်းထိုင်ခုံအောက် တူးဘောက်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၅ ကီလိုအား ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား ရန်ကုန်မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူ စိုးမင်းအား ယင်းနေ့ နံနက် ၁၁ နာရီအချိန်တွင် ဘားအံမြို့နယ်၊ ခနမ်းဒိုကျေးရွာအနီး ဘားအံ-မြဝတီသွား ကားလမ်းတွင် GRAND STAREX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မှတစ်ဆင့် မြဝတီသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။