(ပြည်တွင်း) ဇွန် ၁၈
မန္တလေးငလျင်ကြောင့် အရေးပေါ် အမိုးအကာတွေ၊ အစားအသောက်နဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ငွေကို အတည်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလိုထောက်ပံ့တာဟာ မြန်မာပြည်သူတွေအတွက် အကြီးမားဆုံး ထောက်ပံ့ငွေဖြစ်ပြီး အကူအညီတွေလိုအပ်နေတဲ့ မိသားစုတွေအတွက် အစားအသောက်၊ ရေ၊ အမိုးအကာနဲ့ ဆေးဝါးတွေကို ပေးအပ်သွားမှာဖြစ်သလို ရေရှည်အတွက် အသက်မွေးဝမ်းကြောင်း၊ အလုပ်အကိုင်တွေနဲ့ ကျန်းမာရေးနဲ့ ပညာရေး အဟာရနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာတွေကိုပါ ပံ့ပိုးပေးသွားမယ်လို့ ADB ဘဏ်ဥက္ကဋ္ဌ မာဆာတို ကန်ဒါက ပြောပါတယ်။
အဆိုပါထောက်ပံ့ငွေတွေကို အာရှဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေကနေ ADB က ထုတ်ယူမှာဖြစ်ပြီး အရေးပေါ်အမိုးအကာတွေ ရေနဲ့ မိလ္လာစနစ်ဝန်ဆောင်မှုတွေ၊ အစားအသောက်၊ အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးသုံးပစ္စည်းတွေနဲ့ စိတ်ဒဏ်ရာကုသမှုတွေအတွက်လည်း အကျုံးဝင်မယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့မတ်လက လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် လူပေါင်း ၃,၇၀၀ ကျော် သေဆုံးခဲ့ရပြီး မန္တလေးအပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၀ ခုက အခြေခံအဆောက်အအုံများစွာ ပျက်စီးခဲ့ရပါတယ်။
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၀) ခုမှာရှိတဲ့ ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂,၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂,၁၆၇၊ လူဦးရေ စုစုပေါင်း ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့ရတာဖြစ်ပါတယ်။
Telegram –t.me/positiveanglenews
#PAN