မူဆယ်မြို့နယ်၌ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်သူ မြန်မာနိုင်ငံသား ၉၇ ဦးနှင့် တရုတ်နိုင်ငံသား ၄၁ ဦးတို့အား သက်သေခံပစ္စည်းများနှင့်ဖမ်းဆီးရမိ


(မှုခင်း) ဇွန် ၁၇

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နှင့် ကောင်းမှုတုံရပ်ကွက် အတွင်း၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများပူးပေါင်းကာ Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်းသတင်းအရ သက်သေများနှင့် အတူ ရှာဖွေစစ်ဆေးခြင်းများ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာမူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အိမ်အမှတ် (မဆ-၄၀၀)ရှိ အိမ်ပိုင်ရှင်(စိစစ်ဆဲ)၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၀ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၀ ဦးတို့အား လက်ကိုင်ဖုန်းမျိုးစုံ ၁၂၀ လုံး၊ ကွန်ပျူတာ မျိုးစုံ ၈၆ လုံး၊ WiFi စက် ၃ လုံး၊ Crown မော်တော်ယာဉ်တစ်စီးတို့ဖြင့် လည်းကောင်း၊ ကောင်းမှုတုံရပ်ကွက်၊ အိမ်အမှတ်(ဟန-၈)ရှိအိမ်ပိုင်ရှင်(စိစစ်ဆဲ)၏နေအိမ်အတွင်းမှ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၂၈ ဦးတို့အား ကွန်ပျူတာမျိုးစုံ ၁၆ လုံး၊လက်ကိုင်ဖုန်းမျိုးစုံ ၃၃၄ လုံး၊ WiFi စက် ၃ လုံး၊ Crownမော်တော်ယာဉ်တစ်စီး၊ TOYOTA LANDCRUISERမော်တော်ယာဉ်တစ်စီးတို့ဖြင့်လည်းကောင်း စစ်ဆေးတွေ့ရှိ သိမ်းဆည်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၃၈ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN