Make America Great အိပ်မက်အကောင်အထည် ဖော်နိုင်ပါ့မလား

(ဆောင်းပါးကဏ္ဍ) ဇွန် ၁၇
နေဇင်လတ်

      ၂ဝ၁၆ မဲဆွယ်စည်းရုံးစဉ်ကာလကတည်းက Make America Great Again(MAGA)ဆိုတဲ့ထရမ့်ရဲ့နိုင်ငံရေးကြွေးကြော်သံဆောင်ပုဒ်က အတော် “ပေါက်” သွားခဲ့တယ်။ အဲ့ဒီဆောင်ပုဒ်ကြောင့်ပဲ ထရမ့်သမ္မတဖြစ်လာတယ်လို့ ပြောရလိမ့်မယ်။ အမေရိကန်တွေရဲ့ အိပ်မက်ယောင်ဝါး ဝါးဖြစ်နေတာ ကြာရှည်လှပြီမို့ ထရမ့်ကို မဲပုံအောလိုက်ရင်း သမ္မတဖြစ်လာခဲ့တယ်။

     ဒုတိယသက်တမ်းမှာ “Keep America Great” KAGနဲ့ မဲဆွယ်ဖို့ စီစဉ်ထားပေမယ့် Biden ကိုရှုံးလိုက်တဲ့အတွက် KAGအသုံးပြုလိုက်တဲ့အဆင့် မရောက်ခဲ့လိုက်ပါဘူး။ ၂၀၂၀ မှာ Biden နဲ့ ပြိုင်ကြတယ်။ ဘိုင်ဒင့် လက်ထက်မှာ မတိုးတက်ဘူးဆိုတာပေါ်လွင်စေချင်လို့ MAGA ကိုပဲ ထရမ့်ဆက်သုံးသွားရပါတယ်။ Biden ကကျန်းမာရေးချို့ယွင်းလို့ Kamala Harris နဲ့လွှတ် ပေးရင်း Harris က တာထွက်မှာ ဟုတ်မလိုလိုနဲ့ နောက်ဆုံးရလဒ်မှာ ထရမ့်ကိုပြတ်ပြတ်သားသားရှုံးရင်း ထရမ့်ဟာ အမေရိကန်ရဲ့ ၄၅ ဦးမြောက်နဲ့ ၄၇ ဦးမြောက် သမ္မတရယ်လို့ ထူးထူး ခြားခြား သမိုင်းတွင်ဖြစ်လာခဲ့ပါတော့တယ်။

ထူးခြားတဲ့သူ ထူးခြားတာတွေလုပ်တယ်

       အမေရိကန်သမ္မတတွေကြားထဲမှာ ထရမ့်ဟာ ထူးခြားတဲ့သူလို့မသတ်မှတ်လို့ မရအောင် ထူးခြားနေတာတွေ့ရတယ်။ ဘိုင်ဒင်အစိုးရကကန့်သတ်စာရွက် စာတမ်းတွေ အိမ်သယ်မှုအပါ အဝင်အမှုပေါင်း ၃၄ မှုနဲ့ ထရမ့်ကိုတရားစွဲခဲ့တယ်။ စုစုပေါင်းအမှု ၅ဝ ကျော်ကိုရင်ဆိုင်ပြီး ထရမ့်မဲဆွယ်ခဲ့တာပါ။ အမှုတစ်ခုမှာ ပြစ်မှု ထင်ရှားရှိတယ်လို့ဆိုပြီး ထောင်ဒဏ်ကျခံလိုက်ရပါသေးတယ်။ အမှုအများဆုံးရင်ဆိုင်ရင်းသမ္မတဖြစ်လာတာက ထရမ့် ရဲ့ ထူးခြားမှုပါ။

      နောက်ထူးခြားမှုတစ်ခုက ထရမ့် ဟာ ဘီလီယံနာတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီအထိ သိပ်မထူးခြားသေးပါဘူး။ ထရမ့်နောက်မှာ ကမ္ဘာ့အချမ်းသာဆုံး Elon Musk က မြင်သာ၊ ထင်သာရပ်တည်ထောက်ပံ့ပေး လိုက်တာက ထူးခြားလှပါတယ်။ သမ္မတရွေးကောက် ပွဲတိုင်းမှာ သူကြွယ်တွေထောက်ပံ့တာက မထူးခြားပါဘူး။ Trumpနဲ့ Musk တို့ ပူးတွဲရုပ်လုံးပြပြီး မဲဆွယ်တာက ထူးခြားနေတာပါ။ မတော်တဆရှုံးသွားရင် ဒီမိုကရက်တွေက Musk ကို တော်တော်လေးဖိအားပေးကြမှာ၊ နှောင့်ယှက်ကြမှာ သေချာလှပါတယ်။

     နောက်ထူးခြားချက်က မဲဆွယ်စည်းရုံးစဉ်မှာ နှစ်ကြိမ်တိတိ လုပ်ကြံခံလိုက်ရတာပဲဖြစ်ပါတယ်။ တစ်ကြိမ်မှာဆိုရင် ထရမ့်ရဲ့နားရွက်ကိုထိပြီး သွေးတွေကျသွားတဲ့အထိဖြစ်သွားတယ်။ အဲ့ဒီ သွေးစွန်းတဲ့ပုံကပဲ ထရမ့်ကို သမ္မတဖြစ်ပါဘူး။ တိုးတိုးတိတ်တိတ်နဲ့လုပ်ကြံမှ အောင်ခေါ်ဆောင် သွားခဲ့တာဆိုရင် မမှားမအောင်မြင်ပဲပျက်ပြားသွားတာ တချို့လည်းရှိနေခဲ့တယ်။

     ထရမ့်ရဲ့ ပထမသက်တမ်းမှာ Russiagate ဆိုတဲ့ပြဿနာပေါ်ခဲ့တယ်။ Congress က ခေါ်ယူကြားနာရတဲ့ အဆင့်ဖြစ်တယ်။ ရုရှားတွေ အထောက်အပံ့နဲ့ သမ္မတဖြစ်လာတာဆိုတဲ့ယူဆချက်ပါ။ Facebook User သန်း ၁၀၀ အချက်အလက်တွေကို Analytica က ဝယ်ယူပြီး ရုရှားကိုပေးပို့တဲ့ အမှုပေါ်လာလေတော့ ပြောမယ်ဆိုရင်လဲပြောလောက်စရာ ဖြစ်နေပါတယ်။

      ဒုတိယသက်တမ်းအတွက် မဲဆွယ်တော့ ထရမ့်ရဲ့စကားတွေက ထူးခြားနေပါတယ်။
      “ယူကရိမ်းစစ်ကို ရပ်တန့်နိုင်သူက ဒီကမ္ဘာမှာ ကျွန်တော်တစ်ဦးသာရှိတယ်။ ကျွန်တော်သာသမ္မတဖြစ် လာရင် ယူကရိမ်းစစ်ကို ၂၄ နာရီအတွင်းရပ်တန့်ပစ်မယ်”
     “ပူတင်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေပါတယ်”လို့ ထရမ့်က ဘာကြောင့်ရဲရဲပြောရဲခဲ့တာပါလဲ။ ပြီးတော့ ထရမ့်နဲ့ ပူတင်တို့ လျှို့ဝှက်ဆက်သွယ်စကားပြောမှုတွေ မကြာခဏရှိနေတယ်ဆိုတဲ့ သတင်းတွေလည်းရှိထားနေပါတယ်။ သတင်းတစ်ခုမှာဆိုရင်ပူတင်က ထရမ့်ကို “ဘယ်လိုစကားမျိုးကိုမှ ထုတ်မပြောပါနဲ့” လို့တောင် ကြိုတင်တားဆီးခဲ့တယ်ဆိုပြီး ထွက်လာခဲ့ပါသေးတယ်။

     ဒါဆိုရင် ထရမ့်ရဲ့နောက်ခံ က ဘာဖြစ်နေပါမလဲ။ Hillary Clinton က အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားတွေဝင်ရှုပ်လိမ့်မယ်။ အမေရိကန်နည်းပညာကုမ္ပဏီတွေအနေနဲ့ စုပေါင်းကာကွယ်ကြဖို့လိုမယ်လို့တောင် သတိပေးထုတ်ပြောထားတာကိုလဲ တွေ့လိုက်ရတယ်။

      ရွေးကောက်ပွဲမှာ ထရမ့် တောင်ပြိုကမ်းပြိုအနိုင်ရလိုက်ပြီး မကြာခင်ထွက်လာတဲ့ သတင်းတစ်ခုကတော့ ထရမ့် အနိုင်ရအောင် အစ္စရေးနဲ့ ပင်လယ်ကွေ့ နိုင်ငံသုံးခုက ငွေကိုရေလိုသုံးပြီး အကူအညီပေးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါ
တယ်။

     ထူးထူးခြားခြားတိုက်ဆိုင်သွားတာက ထရမ့်သမ္မတဖြစ်ပြီး ရက် ၁ဝဝ ကျော်မှာ ပြည်ပခရီးစဉ်ကိုဆော်ဒီနဲ့ စတင်လိုက်တာပဲဖြစ်နေပြန်တယ်။ ဆော်ဒီ၊ ကာတာ၊ UAE သုံးနိုင်ငံဖြစ်ပါတယ်။ အရင်းအနှီး ကတိကဝတ် S 3.4 Trillion ရယူနိုင်ခဲ့တယ်။ရွေးကောက်ပွဲမှာ အစ္စရေးနဲ့ ပင်လယ်ကွေ့သုံးနိုင်ငံက ထရမ့်ကို ကူညီခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ထရမ့်ခရီးမှာ သွားခဲ့တဲ့သုံးနိုင်ငံက တိုက်ဆိုင်နေတာတွေ့ရတယ်။ အဲ့ဒီအချက်က ထူးခြားလှ
ပါတယ်။

အမေရိကန်သင်္ဘောကြီးရေမနစ်အောင်

     အမေရိကန်ရဲ့ကြွေးမြီအရပ်ရပ်က $ 36 + Trillion ပါ။ လွှတ်ထားရင် ဆက်တက်နေမယ့်သဘောဖြစ်နေတယ်။ ဒါကြောင့် သင်္ဘောကြီးကို ဦးဆုံးဖာထေးရပါလိမ့်မယ်။ သင်္ဘောကြီးကို ဖာထေးရင်း Make America GreatAgain ကို တစ်ပါတည်းဆောင်ရွက်ကြတဲ့သဘောဖြစ်တယ်။

     အကြွေးကို ခွဲကြည့်ရင် နှစ်ပိုင်း အဓိကတွေ့ရလိမ့်မယ်။ ပထမတစ်ပိုင်းက ပြည်တွင်းအစိုးရသုံးစွဲစရိတ်ကြီးမားခြင်းနဲ့ ဒုတိယတစ်ပိုင်းက ကုန်သွယ်ရေးမှာလိုငွေပြခြင်းဖြစ်ပါတယ်။ ပြည် တွင်းအစိုးရသုံးစွဲ စရိတ်က လိုငွေပြတာက $ Trillion ပမာဏနဲ့ဖြစ်ပြီး ကုန် သွယ်လိုငွေကလည်း နှစ်စဉ် $ Trillion ဂဏန်းနဲ့ ဖြစ်ပါတယ်။ နှစ်ခုပေါင်းလိုငွေနဲ့ Bond တွေ ထုတ်ရောင်းလို့ပေးရတဲ့ အတိုးတွေပေါင်းလိုက်ရင် တစ်နှစ်အကြွေး $ 2.4 Trillion (+) တက်နေတဲ့ သဘောပါ။

     DOGE ဆိုတဲ့အစိုးရဌာနတိုင်းကို ဝင်ရောက်စစ်ဆေးပိုင်ခွင့်ရှိတဲ့အဖွဲ့ကို ဖွဲ့ပြီး Elon Musk ကို ပူးတွဲဦးဆောင်စေတယ်။ USAID, FBI, CIA, Education, Pentagon စတာတွေကို ဝင်စစ်ပြီး “သောင်း”ချီလူတွေကို Musk က အလုပ်ဖြုတ်ပစ်တယ်။နေ့စဉ်အမေရိကန်ဟာ $ 4 Billion သက်သာခဲ့တယ်လို့ ဆိုတယ်။တစ်နှစ်ဆိုရင် $ 1.5 Trillion လောက်သက်သာသွားမယ့် သဘောဖြစ်လို့ သင်္ဘောကြီးကို တစ်ဝက်ဖာထေးနိုင်တယ်လို့ပြောရမှာဖြစ်ပါတယ်။

     ဒါပေမဲ့ လက်တွေ့မှာ တိုးတက်သုံးစွဲလာတဲ့ပမာဏကပိုများနေပြီး အမှန်တကယ်တစ်နေ့ $ 4 Billion ကို မလျှော့ချနိုင်ပဲ ထရမ့် သက်တမ်းရက် ၁ဝဝ မှာ $ 152 Billion တောင်ပိုကုန်ကျနေတယ်လို့ ဆိုင်ရာဌာနက သတင်းထုတ်ပြန်လိုက်တာ တွေ့ရတယ်။ အကြွေးကင်ဆာပြန့်ပွားနှုန်းက ဆေးကြောင့် သက်သာတဲ့နှုန်းထက်ပိုကြီးထွားများပြားနေတဲ့ သဘောဖြစ်ပါတယ်။ အခြားနည်းလမ်းတစ်ခုခုမရှိရင် သင်္ဘောကြီးရဲ့ အပေါက်က ပိုကြီးလာတဲ့သဘော ဖြစ်လာတယ်။

     နိုင်ငံတကာကုန်သွယ်ရေးဘက်မှာလဲ ထရမ့်က “ပတ်ကြမ်း”တိုက်ခဲ့တာတွေ့ရတယ်။ ကုန်သွယ်စစ်တွေကို ရန်သူ – မိတ်ဆွေမချန်တိုးမြှင့်လိုက်တယ်။ အထူး သဖြင့် တရုတ်နဲ့ EU ကိစ္စမှာ အတော်ပွဲကြမ်းမယ့်သဘောတွေ့ ရပြီး အခန့် မသင့်ရင် ပွဲချင်းပြီးတွေဖြစ်လာနိုင်တယ်။ တရုတ်ကအခွန် ၁၄၅ ရာခိုင်နှုန်း အတိုးခံရပြီးတဲ့နောက်ပိုင်း ဘာစကားမှ မပြောတော့ပဲ Boeing လေယာဉ်တွေပြန်ပို့တာ၊ Rare Earth တင်ပို့မှ ရပ်ဆိုင်းတာ၊ ဟောလီဝုဒ်ရုပ်ရှင်တွေ တင်သွင်းမှုပိတ်ပင်တာစတဲ့ လက်တွေ့လုပ်ငန်းတွေနဲ့ ပြန်တိုက်လာတာတွေ့ရတယ်။

     ဆွစ်ဇလန် ဂျနီဗာမှာ အမေရိကန် – တရုတ်ကိုယ်စား လှယ်တွေ တွေ့ဆုံပြီး အခွန်တိုးမြှင့်ခြင်းကို ရက် ၉ဝ နောက်ဆုတ်လိုက်တာတွေ့ရပြီး အခွန် ၁၄၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃ဝ အထိ လျော့ချလိုက်ခဲ့ပါတယ်။ ၁၄၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃ဝ အထိလျှော့ချလိုက်တဲ့အတွက် အမေရိကန်ဘက်က တရုတ်ကို အရှုံးပေးလိုက်ရတဲ့သဘောလို့ ကျွမ်းကျင်သူတွေက ထောက်ပြကြတယ်။ ကိန်းဂဏန်းရလဒ်တွေနဲ့ပြောရရင် Tariff တွေမြှင့်တင်ပြီးမှ April လမှာ တရုတ်ရဲ့ ပို့ကုန်က ၁၂ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာပြီး GDP ကလည်း ၅ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်လာတာတွေ့ရတယ်။ အမေရိကန်ကို တရုတ်တင်သွင်းတဲ့ ရာခိုင် နှုန်းက ၁၄ရာခိုင်နှုန်းပဲရှိတော့ပြီး အခြားကုန်သွယ်ဘက်တွေဆီကို တရုတ်က မြားဦးလှည့်လိုက်တဲ့သဘောပါ။ အမေရိကန်စီးပွားရေးက ဝ ဒသမ ၃ ရာခိုင်နှုန်းကျသွားတယ်လို့ဆိုတဲ့အတွက် ကုန်သွယ် ရေးဘက်မှာလဲ ထူးမှထူးလာပါ့မလား ဆိုတဲ့အတွေးတွေဝင်လာကြပါတော့တယ်။

     EU မှာ နိုင်ငံပေါင်း ၂၇ နိုင်ငံရှိပါတယ်။ အမေရိကန်ရဲ့ကုန်သွယ်မှုကို လေ့လာရင်
• EU နဲ့ ကုန်သွယ်ပမာဏ $ 976 Billion
• Mexico $ 840 Billion
• Canada $ 762 Billion
• China $ 582 Billion
• Japan $228 Billion ဆိုတာကိုတွေ့ရပါလိမ့်
မယ်။ EU နဲ့က ပမာဏအများဆုံးဖြစ်ပြီး တရုတ်က စတုတ္ထမြောက် နိုင်ငံအဆင့်သာ ရှိပါတယ်။

မျှော်သာမျှော်သည် မယုံကြည်

     တရုတ်နဲ့ ထိပ်တိုက်တွေ့တုန်းက အခွန်နှုန်းကို ၁၄၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃ဝ အထိလျှော့ချပစ် လိုက်တာက အဖြေပေါ်သွားသလိုပါပဲ။ တရုတ်ဘက်က ဘယ်လောက်အထိ ပြောလိုက်သလဲဆိုရင် “ကုန် သွယ်ရေးစစ်ပွဲတင် မကဘူး။ ဘယ်လိုပုံစံစစ်ပွဲမျိုးကိုမဆို ရင်ဆိုင်ဖို့အသင့်ပြင်ဆင်ထားပြီးပြီ”လို့ကို ခပ်ပြတ် ပြတ်ပြောခဲ့တာမျိုးပါ။

       EU ကိစ္စမှာအမှန်တကယ်က June လ မှာအသက် ဝင်မှာပါ။ EU က ထရမ့်ကိုလာပြီး ‘’ညှိနှိုင်းလိမ့်မယ်” လို့ ထရမ့်ဘက်က ယူဆထားပုံရတယ်။ လက်တွေ့မှာ EU က စုပေါင်းပြီးကြံ့ကြံ့ခံထားတယ်။ဘယ်သူကမှ ထရမ့်ကိုမညှိပါဘူး။ အဲ့ဒီတော့ June ထဲမှာ ထရမ့်ဘက်က သတ် မှတ်ထားတဲ့အခွန်နှုန်းထားနဲ့ စပြီးကောက်သွားမှာလား၊ လက်တွေ့မှာ လွယ်လှမယ်မထင်ပါဘူး။ ဒါကြောင့် ထရမ့်က Jurne အစား Julyကိုတစ်လ
နောက်ဆုတ်ပေးလိုက်ရပြန်ပါတော့တယ်။ အဲ့ဒီ ရွှေ့ ဆိုင်းမှုက အဖြေတစ်ခုကိုပေးသွားခဲ့ပါပြီ။တရုတ်လိုပဲ တင်းခံရင် ထရမ့် ဘက်က လျှော့ပေးမယ်ဆိုတဲ့ အား နည်းချက်ကိုသိသွားပြီး အသုံးချလိုက်တဲ့ သဘောပါပဲ။ မဟုတ်လို့ ထိပ်တိုက်တွေ့ကြရင်လည်း အမေရိကန်ဟာ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်အဖြစ်မျိုးဖြစ်ရတော့မှာဖြစ်ပါတယ်။

     ဒီလိုအခြေအနေမျိုးမှာ သင်္ဘောကြီးကို အပေါက်ဖာတဲ့ အလုပ်က အောင်မြင်တယ်လို့ပြောလို့မရတော့ပြန်ပါဘူး။ အမေရိကန်ရဲ့တစ်နှစ်ကုန်သွယ်လိုငွေက $ 980 Billion ဖြစ်နေပါတယ်။ အများဆုံးလျော့လို့ရရင်တောင် $ 150 Billion ထက်ပိုလျှော့နိုင်ဖို့ မလွယ်လှပါဘူး။ တစ်နှစ်ကို $ 800 + ကုန်သွယ်လိုငွေ အမြဲပြနေပြန်ရင်လဲ American Firstနဲ့ Make American Great ဆိုတာဟာ အိပ်မက်တစ်ခုထက်ပိုလာမှာ မဟုတ်ပါ။ အဓိကအကြောင်းရင်းက အမေရိကန်ဟာ တစ်ချိန်တုန်းက ကမ္ဘာ့ထုတ်ကုန် စုစုပေါင်း  ရဲ့ ၃၆ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့ပြီး ဒီနေ့ ၁၆ ရာခိုင်နှုန်းကိုပဲ ထုတ်လုပ်နိုင်တော့တာပဲ ဖြစ်ပါတယ်။

စစ်ရေးနဲ့ နိုင်ငံရေးသြဇာ

     နိုင်ငံရေးသြဇာဘက်ကို ကြည့်ရင်လဲ အမေရိကန်ဟာ အိုမင်းရင့်ရော်နေတဲ့ ကျားအိုကြီးလိုဖြစ်နေတာတွေ့ရလိမ့်မယ်။ ယူကရိမ်းစစ်ရက် ၉ဝ အတွင်းရပ်စဲရေးဆိုတဲ့အသံ ထွက်မလာနိုင်တော့ပါဘူး။ ထရမ့်ရဲ့စကားကို ယူကရိမ်းက နားမထောင်တော့သလို ပူတင်က ခေါင်းထဲတောင်ထည့်ထားမယ့်ပုံမပေါ်တာ တွေ့ရတယ်။ တူရကီမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို ပူတင်က ဒုတိယတန်းအဆင့်ကိုယ်စားလှယ်လောက်ပဲ လွှတ် လိုက်တာက သက်သေပဲဖြစ်ပါတယ်။

     ဂျာမနီက ဦးဆောင်ပြီး တာဝေးပစ်တွေကို ယူကရိမ်းအသုံးချဖို့ အခွင့်အာဏာပေးလိုက်ပါပြီ။ ထရမ့်ကန့်သတ်ထားတာကို မထီမဲ့မြင်လုပ်လိုက်တာပါပဲ။ ပြင်သစ်နဲ့ ယူကေတို့ကလည်း နောက်က လိုက်လာပါတယ်။ ဒီနေ့ဆိုရင်ယူကရိမ်းက မော်စကိုအထိကို ဒရုန်းအုပ်စုလိုက်တွေနဲ့ တိုက်ခိုက်နေတာတွေ့ရတယ်။ ရုရှားကလည်း ကိယက်ကိုပြန်တိုက်တယ်။ လူတွေအများကြီးသေဆုံးလို့ ထရမ့်က ပူတင့်ကို “ဒီလူဘာဖြစ်သွားသလဲမသိဘူး။ ရူးများသွား သလား” ဆိုပြီး တားဆီးပါသေးတယ်။ နောက်ရက်မှာ ပူတင်ကကိယက်ကို ပြင်း ပြင်းထန်ထန်သုံးရက်ဆက်တိုက်တိုက်ပြပြီး ပူတင်က “ထရမ့်ဟာ ဖိအားတွေများနေလို့ စိတ်ကစဉ့်ကလျားနဲ့ ပြောတာဖြစ်ပါလိမ့်မယ်” လို့ တုံ့ပြန်လိုက်တာတွေ့ရတယ်။

     နောက်ဆုံး ထရမ့် ဘက်က “ယူကရိမ်းစစ်ညှိနှိုင်းမှုက ထွက်ခွာဖို့ စဉ်းစားနေခြင်း”လို့ကိုပြောရတဲ့အဆင့် ဖြစ်လာတယ်။ ထရမ့်သြဇာမညောင်းတော့ဘူးဆိုတာ သဘောပေါက်သွားတဲ့ သဘောပါပဲ။

     အီရန်နဲ့ ကိစ္စမှာလည်း ထရမ့်က “နျူအစီအစဉ်ကိုလုံးဝစွန့်လွှတ်ရမယ်။ အရေးယူပိတ်ဆို့မှုတွေကို ဖယ် ရှားပေးမယ်”လို့ဖိအားပေးခဲ့တယ်။အီရန်ဘက်က “နျူအစီအစဉ်ကို ဘယ်တော့မှ မစွန့်လွှတ်ဘူး”လို့ပြန်ကြားလိုက်တာတွေ့ရတယ်။ အီရန်နျူပိုင်သွားရင် အစ္စရေးအနေနဲ့ အကြပ်အတည်း အလွန်အမင်းတွေ့ရမှာ ဖြစ်ပါတယ်။ အီရန်အပေါ် စစ်ရေးအရ အရေးယူဖို့ အစ္စရေးက အဆင်သင့် ဖြစ်နေပါပြီ။ ထရမ့်က သံတမန်ရေးနဲ့ဆက်သွားနေချင်ပါသေးတယ်။ အစ္စရေးက ဘယ် လောက် စောင့်ပေးနိုင်ပါမလဲ။ အီရန်နျူပိုင်တော့မယ်ဆိုတဲ့သတင်းက အတော်လေးထွက်လာပါတယ်။ နောက်ဆုံးအဆင့်မှာ ထရမ့် သဘောမတူလဲ အီရန်ကိုအစ္စရေးက စစ်တိုက်ရတော့မယ့်အခြေအနေမျိုးပါ။

     ဂါဇာကိစ္စမှာလဲ အစ္စရေးလက်သံ ပြောင်လွန်းလို့ ထရမ့်က တားနေရတဲ့ အခြေအနေပါ။အစ္စရေးက ထရမ့်စကားကို သိပ်မစဉ်းစားပဲ ဗုံးကြဲတဲ့အလုပ်ကိုသာ ခပ်တွင်တွင်လုပ်ရင်း ဟားမက်ခေါင်းဆောင်သစ်ကို သုတ် သင်လိုက်နိုင်ခဲ့ပါတယ်။

     အမေရိကန်ရဲ့လက်ရှိအခြေအနေတွေကို ခြုံငုံသုံး သပ်ရမယ်ဆိုရင် ထရမ့် သက်တမ်းတစ်ခုသာပြီးသွားမယ် Great Again ဆိုတဲ့ စကားလုံးက စာရွက်ပေါ်မှာသာ ကျန်ရစ်လိမ့်မယ်လို့သုံးသပ်ရပါတယ်။

#PAN