(ပြည်တွင်း) ဇွန် ၁၇

တရုတ်နိုင်ငံ၌ ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ကုန်စည်ပြပွဲတစ်ခုဖြစ်တဲ့ 138th Canton Fair တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသရန်ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
138th Canton Fair ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ကွမ်ကျိုးမြို့ရှိ China Import and Export Fair Complex (Pazhou Complex) ၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။
ကျင်းပရာတွင် ပြပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသွားမှာဖြစ်ပြီး အပိုင်း(၁)ကို အောက်တိုဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ၊ အပိုင်း(၂)ကို အောက်တိုဘာလ ၂၃ ရက်မှ ၂၇ ရက်အထိနှင့် အပိုင်း(၃)ကို အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ပြပွဲအပိုင်း တစ်ခုနှင့်တစ်ခုကြား ပြခန်းပြင်ဆင်သည့်ရက်များအား အောက်တိုဘာလ ၂၀ ရက်မှ ၂၂ ရက်အထိနှင့် အောက်တိုဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။
ပြပွဲတွင် အီလက်ထရွန်နစ် အိမ်သုံးပစ္စည်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စမတ်နည်းပညာများ၊ စက်ယန္တရားများ၊ မော်တော်ယာဉ်များနှင့် အပိုပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ရေချိုးခန်းသုံးပစ္စည်းများ၊ အိမ်သုံးကြွေထည်ပစ္စည်းများ၊ အထည်အလိပ်နှင့်အဝတ်အစားများ၊ ဆေးဘက်ဆိုင်ရာကိရိယာများ၊ စာရေးကိရိယာများ၊ စားသောက်ကုန်များ၊ ကစားစရာအရုပ်များနှင့် ကလေးပစ္စည်းများ အစရှိတဲ့ ကုန်ပစ္စည်းအမျိုးပေါင်းများစွာ ပါဝင်ပြသသွား မှာဖြစ်ပါတယ်။
ပြပွဲတစ်ပိုင်းစီတွင် ပါဝင်ပြသမည့် ကုန်ပစ္စည်းအမျိုးအစားများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Website Link – https://www.examinechina.com/canton-fair-fall-2025 ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။
138th Canton Fair ပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း-၀၆၇၄၀၈၆၂၃ နှင့် Email – event.td.myantrade@gmail.com တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews