(မိုး/ဇလ) ဇွန်လ ၁၂

မုတ်သုံလေနှင့်လေပွေလှိုင်းအရှိန်များကြောင့် ဒေသအများစုမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခြင်း၊ သဘာဝ ဘေးတွေ့ခြင်းမျိုးဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၂ မှစတင်၍ ဇွန်လ ၁၆ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများမှာ ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း သိရပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း သတိပေးထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝ ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ မြစ်နားကမ်းနားနှင့်တောင်အနီးမှာ နေထိုင်သူများအနေနဲ့ အထူးသတိထားနေထိုင်ကြရန် သတိပေးထားပါတယ်။
Telegram>>…https://t.me/positiveanglenews