
(ပြည်တွင်း) ဇွန် ၁၁
အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေမှာ ဆက်စပ်ပါဝင်ခဲ့ကြတဲ့ အီသီယိုးပီးယားနိုင်ငံသား ၃ ဦး ကို သက်ဆိုင်ရာနိုင်ငံဖြစ်တဲ့ တောင်ကိုးရီးယားနိုင်ငံကို မြန်မာနိုင်ငံဘက်က ထပ်မံလွဲပြောင်းအပ်နှံပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းကို နယ်စပ်လမ်းကြောင်းတွေက တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်မြဝတီမြို့- ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park)နဲ့ ကျောက်ခတ်နယ်မြေတွေမှာ အွန်လိုင်းလောင်းကစားမှုတွေ၊ အွန်လိုင်း လိမ်လည်မှုတွနဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ခဲ့ကြသူတွေကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းပြီး အခုလို သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းအပ်နှံပြီး ပြည်နှင်ဒဏ်ပေးနေတာလည်း ဖြစ်ပါတယ်။
အဆိုပါ တောင်ကိုးရီးယားနိုင်ငံသား ၃ ဦးကို ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့က မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကတစ်ဆင့် တောင်ကိုးရီးယားနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှုပြီး ဥပဒေလုပ်ထုံး၊ လုပ်နည်းတွေနဲ့အညီ ထပ်မံလွှဲပြောင်းအပ်နှံပြီး ပြည်နှင်ဒဏ်ပေးလိုက်တာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရတာဖြစ်ပါတယ်။
ပြည်နှင်ဒဏ်ပေးပြီး လွှဲပြောင်းအပ်နှံတဲ့ အခမ်းအနားကို ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားသမ္မတနိုင်ငံသံရုံးက သံ Coun-sellor Mr. Rhee Wuchan နဲ့ တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းစဉ်တွေ စနစ်တကျရှိစေရေးနဲ့ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနိုင်ငံမှ တာဝန်ရှိသူတွေက သက်ဆိုင်ရာနိုင်ငံက တာဝန်ရှိသူတွေဆီကို လွှဲပြောင်းလက်ခံရေးဆိုင်ရာ စာရင်းဇယား၊ အချက်အလက်၊ အထောက်အထား စာရွက်စာတမ်းတွေ ပြည့်ပြည့်စုံစုံနဲ့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး ပြည်နှင်ဒဏ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နဲ့ အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူတွေ၊ ပါဝင်ပတ်သက်သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်နေကြတဲ့ ပြည်ပနိုင်ငံသားတွေကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာက ဖော်ထုတ်ဖမ်းဆီးရမိတဲ့ တရားခံတွေကို အရေးယူပြီး သက်ဆိုင်ရာနိုင်ငံတွေဆီကို တရားဝင်လွှဲပြောင်းပေးအပ်ကာ ပြည်နှင်ဒဏ်ပေးနေကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ဇွန် ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းကို တရားမဝင်ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၁၄ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၇၅၄ ဦးကို ထိုင်းနိုင်ငံကပဲတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုလွှဲပြောင်းပေးအပ်မှုအထဲက ကျန်ရှိနေသေးတဲ့ ပြည်ပနိုင်ငံသား ၃၆၀ ဦးကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိပြီး လက်ရှိအချိန်မှာ သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးအပ်ဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။
လက်ရှိအချိန်မှာ နစကအစိုးရအနေနဲ့ Online Scam Center လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်း ထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက် နေကြတဲ့ နိုင်ငံခြားသားတွေနဲ့ လူကုန်ကူးခံရသည့် နိုင်ငံခြားသားတွေကိုလည်း သက်ဆိုင်ရာနိုင်ငံတွေကို အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး လုပ်ဆောင်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။