
(နိုင်ငံတကာ) မေ ၃၀
အီရန်နိုင်ငံ၏ နျူကလီးယားဖွံ့ဖြိုးမှုအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နှင့် ဆွေးနွေးမှုအခြေအနေ အပေါ်မူတည်ကာ အီရန်နိုင်ငံ၏နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) အတွက် အလုပ်လုပ်ကိုင်ပေးနေသည့် အမေရိကန်စစ်ဆေးသူများကို ဝင်ရောက်ခွင့် ပေးသွားနိုင်ဖွယ်ရှိသည်ဟု အီရန်က ပြောသည်။
ပြီးခဲ့သည့် ဆွေးနွေးမှုအတွင်း အီရန်နိုင်ငံ၏ယူရေနီယံသန့်စင်မှုကို ရပ်တန့်ရန် ထရမ့်အစိုးရအဖွဲ့ က တောင်းဆိုခဲ့သည်။ အဆိုပါ တောင်းဆိုမှုကို အီရန်နိုင်ငံဘက် က ပယ်ချခဲ့သည်။
အီရန်နိုင်ငံ၏တောင်းဆိုချက်များကို လိုက်နာပါက ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့မှ အမေရိကန်စစ်ဆေးသူ အရာရှိများကို အီရန်နျူကလီးယားစက်ရုံများသို့ ဝင်ရောက်ခွင့်ပြုရေး ပြန်လည်စဉ်းစားသွား မည်ဟု အီရန်အဏုမြူစွမ်းအင်အကြီးအကဲ မိုဟာမက် အက်စလာမီက မေလ ၂၈ ရက်တွင် သတင်းထောက်များ ကို ပြောသည်။
နှစ်နိုင်ငံအကြားသဘောတူညီချက်တစ်ခုရရှိပါက အိုင်အေအီးအေ၏ခိုင်မာပြီးတိကျမှုရှိသည့် စုံစမ်း စစ်ဆေးမှုသည် မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း အိုင်အေအီးအေ၏ ညွှန်ကြားရေးမှူးချုပ် ရာဖယ်ဂရောဆီ က သတင်းထောက်များကို ပြောသည်။
အဖြေရရှိရန် အလွန်နီးစပ်နေပြီဟု အမေရိကန်သမ္မတ ထရမ့် က သတင်းထောက်များကို မေလ ၂၈ ရက်က ပြောသည်။ အီရန်နိုင်ငံ၏နျူကလီးယားဖွံ့ဖြိုးတိုးတက်မှုကို အမေရိကန် နှင့်အစ္စရေးနိုင်ငံတို့က ဟန့်တားလိုခြင်းဖြစ်သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။