Cow Boy Bar မီးလောင်မှုကြောင့် အမျိုးသမီး ၄ ဦးသေဆုံး


(မှုခင်း) မေလ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဥ္စဏမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၃×၃၄ လမ်းကြားရှိ Cow Boy Bar တွင် ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဧည့်ကြိုဝန်ထမ်း မဆောင်းနှင်းဖြူ၊ ၂၁ နှစ်၊ မသဲစုလှိုင်၊ ၂၆ နှစ်၊ အကင်ဝန်ထမ်း၊ မခက်ခက်ခိုင်၊ ၂၃ နှစ်၊ အကင်ဝန်ထမ်း၊ မသူဇာလင်း၊၃၀ နှစ်၊ ဆိုင်မန်နေဂျာတို့ ၄ ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ဒေါ်လင်းလင်းကြွယ်၊ ၅၀ နှစ်၊(ဘ)ဦးသန်းကြွယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူ ပိုင်ဆိုင်သော အဆိုပါ Cow Boy Bar သည် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦး ထိခိုက်ပျက်ဆီးမှုများအား ပြင်ဆင်လျက်ရှိရာ ဆိုင်အတွင်းရှိအဆောက်အဦးသံတိုင်များအား ဝရိန်ဆော်ခြင်းလုပ်ငန်း ဆောင်ရွက်ရာမှ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ကိုတင်နိုင်ထွန်း၊ ၃၈ နှစ်၊(ဘ)ဦးကျော်ဟန်၊ အလုပ်သမားခေါင်းဆောင်၊ “ဟိန်း”ဆောက်လုပ်ရေးကုမ္ပဏီ၊ ၁၄၀ လမ်း၊၆၁×၆၂ လမ်းကြား၊ လလ-၇၊ စက်မှု-၂၊ ပြည်ကြီးတံခွန်မြို့နယ်နေသူအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း၊ အဆိုပါ Cow Boy Bar တွင် ဆိုင်ဝန်ထမ်း အင်အား ကျား ၁၁ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၁၆ ဦး ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN