( ပြည်တွင်း) မေ ၂၆
ရန်ကုန်မြို့မှာရှိတဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းတို့ဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ခန်းမမှာ ခေါ်ယူ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ တိုင်းပြည်ချစ်စိတ်ပြသဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်မှာ မူတည်ပြီး နိုင်ငံရဲ့ အနာဂတ်ကို ရှေးရှုပြီး တည်ငြိမ်အေးချမ်းမှုမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဝိုင်းဝန်းလက်တွဲ လုပ်ဆောင်မှုနဲ့ တိုင်းပြည်ချစ်စိတ်ကို ပြသရမယ်” လို့လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်မှာ ရောက်ရှိနေကြတဲ့ နေရပ်စွန့်ခွာ ရခိုင်တိုင်းရင်းသားတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲအစရှိတဲ့ စားသောက်ကုန် နှစ်လစာကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဦးမောင်မောင်အုန်းက ပြောပါတယ်။

နေရပ်စွန့်ခွာပြည်သူတွေ ပြန်လည်တည်ငြိမ်မှုရရှိဖို့အတွက် နိုင်ငံတော်က အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနဲ့ ယာယီစစ်ဘေးရှောင်ပြည်သူတွေရဲံ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းထောက်ပံ့ ပေးလျက်ရှိနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မိုခါမုန်းတိုင်းဒဏ် ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာမှာလည်း မူလအခြေအနေထက် သာလွန်တဲ့ အခြေအနေကို ရောက်ရှိရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးခဲ့တယ် လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အခုရောက်လာတဲ့ ရခိုင်တိုင်းရင်းသားတွေကို မိသားစုတစ်စုကို စားသောက်ကုန် နှစ်လစာစီ ပေးမယ်ဆိုတဲ့အတွက ကျေးဇူးတင်ကြောင်း၊ အဆိုပါနှစ်လစာအပြင် နောက်ထပ်လည်း လိုအပ်တဲ့ အကူအညီတွေကို ဆောင်ရွက်ပေးနိုင်ဖို့ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့တဲ့ ရသေ့တောင်မြို့နယ်အသင်း (ရန်ကုန်) က တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။
အဆိုပါ တွေ့ဆုံပွဲကို ရန်ကုန်မြို့မှာရှိတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်(၁၇)ခု အလိုက် ဖွဲ့စည်းထားတဲ့ အသင်း၊ အဖွဲ့အစည်းတွေ အားလုံးနီးပါး တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
#PAN