
(ဆောင်းပါးကဏ္ဍ) မေ ၂၀
နေဇင်လတ်
ထရမ့်ကတော့ “အကြီးအကျယ်စွန့်စားမှု” တွေကိုလုပ်နေပါပြီ။ ပထမ Canada, Mexico ကိုအခွန်တိုးတယ်။ ကုန်သွယ်လိုငွေအများဆုံးပြတဲ့ နိုင်ငံနှစ်ခုဖြစ်လို့ပါ။နောက်ပိုင်း“ရန်သူ- မိတ်ဆွေမချန်ပဲ ကုန်သွယ်ခွန်တွေတိုးခဲ့တယ်။ နောက်တစ်ခါ မော်တော်ကားဘက်အခွန်တိုးတယ်။ နောက်ဆုံး ကုန်သွယ်ခွန်မူဝါဒအသစ်အရ နိုင်ငံအားလုံးနဲ့သက်ဆိုင်တယ်ဆိုပြီးဖြစ်လာခဲ့ပြန်ပါတယ်။ ပီပီပြင်ပြင် တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်သွားခဲ့ပါပြီ။
ဒီအလုပ်က အတော်စွန့်စားမှုရှိတဲ့အရာပါ။ လောင်း ကြေးလည်းအတော်ကြီးလှပါတယ်။အောင်မြင်သွားရင် မထောင်းသာပေမယ့် မအောင်မြင်ခဲ့ရင် အမေရိကန်မူဝါဒကို ဘယ်သူကမှမယုံကြည်တော့မယ့်အပြင် တိုးပြီးသားအခွန်နှုန်းထားအပေါ်အသာရတဲ့ နိုင်ငံတွေက လျှော့ပေးတော့မှာမဟုတ်ပါဘူး။
အခွန်တိုးတယ်ဆိုတဲ့နေရာမှာ ထရမ့်ဘက်က အရင်စလိုက်တာပါ။ အမေရိကန်နိုင်ငံကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ သက်ဆိုင်ရာအုပ်စုအလိုက်အခွန်တိုးကောက်တာပဲဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံတွေကလည်း ငြိမ်နေကြမှာမဟုတ်ပါဘူး။ သူတို့နိုင်ငံတွင်း တင်သွင်းလာတဲ့ အမေရိကန်ထုတ်ကုန်တွေ အပေါ်အခွန်တိုးကောက်လာကြမှာပဲဖြစ်ပါတယ်။
လောလောဆယ်ကတော့ Tariff War ဆိုတဲ့အခွန်စစ်ပွဲက“အစပိုင်း” ဖြစ်တာမို့ဘယ်သူနိုင်တယ်၊ ရှုံးတယ်ဆိုတာကို ဆုံးဖြတ်လို့မရသေးပါဘူး။ တစ်ပတ်လည်(သို့)တစ်နှစ်လောက်ဆိုရင်တော့အဖြေတစ်ခုထွက်လာမှာဖြစ်ပါတယ်။
ကုန်သွယ်လိုငွေကြီးတဲ့အမေရိကန်
တစ်ချိန်က ကုန်သွယ်ပိုငွေတွေ ပြခဲ့ပြီးချမ်းသာလာတဲ့ အမေရိကန်ဟာ တဖြည်းဖြည်း ကုန်သွယ် လိုငွေတွေမြင့်တက်လာပြီး ကျဆင်းလာခဲ့ပါတယ်။ ၂၀၂၄ အမေရိကန်ရဲ့ကုန်သွယ်လိုငွေဟာ $ 1.13 Trillion အထိရှိခဲ့ပြီး ၂၀၂၃ ကထက် $ 228 Billion ပိုခဲ့တယ်။ အခုပုံအတိုင်း ဆက်သွားရင် မတွေးရဲစရာပါ။ ပြည်တွင်းဘတ် ဂျက်လိုငွေ ကလည်း $ 1.0 + Trillion ဖြစ်နေပါတယ်။ အကြွေးအတွက်အတိုးကလည်း ပုံမှန်
တက်နေတယ်။ လိုငွေပြတိုင်း Bond တွေ ထုတ်ရောင်း၊အကြွေးပိုတက်၊ အတိုးတွက်ကထပ်ပြီး ဖိစီးလာရင် အဆိုးကျော့သံသရာ Vicious Cycle ထဲက အမေရိကန် မထွက်နိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။
ထရမ့်သမ္မတဖြစ်လာတဲ့အချိန်မှာ အမေရိကန်ရဲ့အကြွေးဟာ $ 37 Trillion လောက်ရှိနေပြီး ဒီတစ်ခါဘတ်ဂျက်မှာ $ 3 + Trillion ကျော်သွားပါလိမ့်မယ်။ တစ်နှစ်ကို $ 2.4 Trillion အကြွေးမှန်မှန် တက်နေပြီး တစ်ခုခုပြုပြင်ပြောင်းလဲရေးမလုပ်နိုင်ရင် ရေလယ်မှာ သက်ကယ်လှေတွေမပါပဲ သင်္ဘောကြီးမြှုပ်သလိုဖြစ်မှာ သေချာနေပါတယ်။
အဓိက အကြွေးတင်စေတဲ့ နေရာကနှစ်ခုပါ။ ကုန်သွယ်ရေးဘက်ကလိုငွေ (ဝင်ငွေနည်းပြီးသူဌေးသုံး သုံးသလို)နဲ့ ပြည်တွင်းသုံးစွဲမှုတွေမြင့်တက်နေတာပဲ ဖြစ်ပါတယ်။ အစိုးရဘတ်ဂျက်လိုငွေ $ 1.0 + Trillion ကို ဖြတ်တောက်ဖို့ DOGE က တာဝန်ယူပြီး $ 1.13 Trillion လိုငွေပြနေတဲ့ ကုန်သွယ်လိုငွေကို သမ္မတကိုယ်တိုင်က တာဝန်ယူဖြေရှင်းတဲ့သဘောပါ။
၂ဝ၂၄ ခုနှစ်ရဲ့ US ထုတ်ကုန်နဲ့ သွင်းကုန်ကိုကြည့်ရင် Export က $ 3 + Trillion နဲ့ Import $4+ Trillion ဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ ဆိုလိုချင်တာက ကိုယ့်ပစ္စည်းရောင်းရမှုက $ 3 Trillion ကျော်ပဲရှိပြီး ပြန်ဝယ်ရတာက S 4.0 +Trillion ရှိတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ရောင်းရတာထက် ဝယ်သုံးတာကပိုများနေတာ
မျိုးပါ။
ကုန်သွယ်ရေးဟာ သင်္ချာမဟုတ်
ထရမ့်ရဲ့မဟာဗျူဟာက “အခွန်တိုးခြင်းနဲ့အသာစီးရယူပြီး ကုန်သွယ်လိုငွေကို လျှော့ချ”တဲ့နည်းဖြစ်ပါတယ်။ သင်္ချာနည်းနဲ့တွက်ရင်တော့ အလွန်မှန်တဲ့ နည်းပါ။ ဒါပေမဲ့ ကုန်သွယ်ရေးဆိုတာ လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ယူသုံးစွဲမှုဖြစ် ပြီး စိတ်ခံစားချက်၊ အမြင်တွေ ပေါ်မှာမူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ ထရမ့်ရဲ့ ရှုထောင့်က ကုန်သွယ်ခွန်တွေ တိုးလိုက်ရင်
ကိုယ်က $3.0 +Trillion ပေါ်မှာပိုပေးရမှာဖြစ်ပြီး
ကိုယ်က $ 4.0+Trillionပေါ်မှာ အခွန်ပိုရမှာဖြစ်လို့ သင်္ချာသဘော အရမှန်ပါတယ်။
ဒါပေမဲ့ သွင်းကုန်ရော၊ ပို့ကုန်ရော ပမာဏဘယ်လောက်“ကျဆင်း” သွားမယ်ဆိုတဲ့အပိုင်းရှိလာပါတယ်။ အမေရိကန်လို“လက်မဖွာတဲ့”နိုင်ငံတွေက အမေရိကန်ကုန်ပစ္စည်းတွေကို အများကြီးလျှော့ချ တင်သွင်းသွားနိုင်ပါတယ်။ အမေရိကန်ကတော့ အကြွေးနဲ့လည်ပတ်နေတဲ့နိုင်ငံဖြစ်ပြီး လက်ဖွာတဲ့နိုင်ငံဖြစ်လေတော့ သွင်းကုန်တွေကိုအများကြီး လျှော့ချတင်သွင်းလို့ရမယ်မထင်ပါဘူး။ ဒီမှာတင်အခွန်ပိုရတာကနည်းနည်း ကုန် သွယ်ရေး“ကွာဟချက်” က များများဖြစ်သွားနိုင်ပါတယ်။ ဒါကတစ်ချက်ပါ။
နောက်တစ်ချက်က ကုန်ပစ္စည်းတွေအားလုံးဈေး နှုန်းကြီးသွားကြပါလိမ့်မယ်။ လူတွေ အသုံး အစွဲခြိုးခြံရပါတော့မယ်။ ဒါကြောင့်သွင်းကုန်ရော၊ပို့ကုန်ပါကျဆင်းသွားနိုင်ပါတယ်။ စက်ရုံတစ်ရုံဟာ အခု (၁ဝဝ,ဝဝဝ)ပုံမှန်ထုတ်ပေမယ့်ကုန်သွယ်ခွန်တိုးလာတာကြောင့် အခု (၇၀,၀၀၀)ပဲ ရောင်းရတဲ့အဖြစ်မျိုးကြုံတွေ့လာရပါတော့မယ်။ ကုန်ထုတ်လုပ်မှုမှာ Eeonomy of Scale ဆိုတဲ့ “တွက်ချက် ကိုက်မှု”ဆိုတာရှိနေတယ်။ များများထုတ်နိုင်ရင် တစ်ခုချင်းတန်ဖိုးနည်းပြီး နည်း နည်းထုတ်ရရင် တစ်ခုချင်းတန်ဖိုး ပိုကြီးသွားရတယ်။ လျှော့ထုတ်ရလို့ တစ်ခုချင်းတန်ဖိုးဈေးတက်လာတဲ့အပြင် ကုန်သွယ်ခွန်ကထပ်ဆင့်တိုးထားလို့ ပစ္စည်းတန်ဖိုးက ပိုပြီးဈေးမြင့်သွားပါ
လိမ့်မယ်။အဲ့ဒီရဲ့ဘေးထွက်ဆိုးကျိုးက –
• ငွေစီးဆင်းမှုကို တုံ့နှေးစေပါတယ်
• အရောင်းကျပါတယ်
• အလုပ်လက်မဲ့တွေထွက်ပေါ်စေပါတယ်
• ထရမ့်ရဲ့အယူအဆကိုနည်းနည်းရှင်းရရင်
• သွင်းကုန် $ 4.0+Trillion
• ပို့ကုန် $ 3.0 + Trillion
• လိုငွေ $ 1.0 + Trillion
အဲ့ဒီ ပမာဏပေါ်မှာ အခြေခံရင် ကုန်သွယ်လိုငွေ $ 1 Trillion ပေါ်မှာ အခွန်က အမြတ်ပိုထွက်မှာဖြစ်ပေမယ့်၊ တကယ်လို့-
• သွင်းကုန် $ 3.5 Trillion
• ပို့ကုန် $ 2.0 Trillion ဖြစ်သွားခဲ့မယ်ဆိုရင်
• လိုငွေက $ 1.5 Trillion အထိ ထပ်တိုးသွားနိုင်တာမျိုးဖြစ်သွားနိုင်တာတွေ့ရတယ်။
ကမ္ဘာ့စီးပွားရေးက Covid နောက်ပိုင်း အခြေအနေမကောင်းလှပါဘူး။ အခြားနိုင်ငံတွေက အမေရိကန်ထုတ်ပစ္စည်းကို“ပိုပြီး” လျှော့ချလာကြမှာသေချာပါတယ်။ ဒါကြောင့်ကုန်သွယ်ရေးအခွန်တိုးခြင်းဟာ မရေရာမသေချာတဲ့ လောင်းကြေးထပ်ခြင်းလို့ပဲမြင်ပါတယ်။ အနာနဲ့ဆေးတွေ့ ရင်အနာသက်သာပေမယ့် လက်ရှိကမ္ဘာ့စီးပွားရေးအခြေအနေအရဆိုရင်တော့ ဆေးမှားလို့ အနာပိုကြီးလာမှာမြင်ယောင်မိပါသေးတယ်။
ပြည်တွင်းအစိုးရအသုံးစရိတ်ဖြတ်တောက်တဲ့ဘက်ကတော့ ထောက်ခံရမှာဖြစ်ပါတယ်။ လေ လွင့်သွားတဲ့ငွေတွေက မနည်းမနောပါပဲ။ Elon Musk ရဲ့ ပြောကြားချက်အရဆိုရင် တစ်နေ့ကို $ 4.0 Billion လောက်သက်သာသွားတယ်လို့ဆိုတယ်။ တစ်နှစ်ဆိုရင် $ 1.0 + Trillionဂဏန်းဖြစ်ပါတယ်။
ဆေးကြောင့်လူနာတော့အရင်ထိနေပြီ
ဆေးကတစ်ပတ်လည်မှ အဖြေတွေ့ရမှာပါ။ ဆေးတစ်ပတ်လည်ဖို့ ခြောက်လ၊ တစ်နှစ်တော့စောင့်ရပါဦးမယ်။ ဆေးတစ်ပတ်မလည်ခင်မှာတင် လူနာကတော့ “ကော့”နေအောင်ခံကြရတာတွေ့ရပါတယ်။ အမေရိကန်စတော့တန်ဖိုး $ 5.7 Trillion ဖိုးတန်ဖိုးကျသွားတယ်။ နည်းတဲ့ ပမာဏမဟုတ်ပါဘူး။ Future ဆိုတဲ့ကြိုပွိုင့်ဈေးတွေလည်း ကမောက်ကမဖြစ်ကုန်တယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ Top 10 ဘီလီယံနာကြီးတွေရဲ့ပိုင်ဆိုင်မှ အများ အပြားဆုံးရှုံးသွားကြတယ်။ Elon Musk တစ်ဦးထဲတင် $ 140 Billion လောက်ပိုင်ဆိုင်မှုလျော့ကျသွားပြီး ဘီလီယံနာများရဲ့ စုစုပေါင်း ဆုံးရှုံးမှုက $ Trillion ဂဏန်းဖြစ်သွားတာ တွေ့ရတယ်။
Dow Jones, S & P -500, Nasdaq တို့ ဆိုးဆိုးဝါးဝါးကျဆင်းသွားခဲ့ကြတယ်။ တစ်ပတ်လောက်အကြာမှာ ခဏလေးပြန်ခေါင်းထောင်လာပြီး တစ်ခါထပ်ကျသွားပြန်ပါတယ်။ Wall Street လည်းထရမ့်ရဲ့မူဝါဒကြောင့် “အရူးမလင်လုပ်ရသလို” ဖြစ်နေတယ် လို့ဆိုလာတယ်။ နောက်ဆုံး တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အခွန်တိုးစနစ်တစ်ခုကို ကြေညာမယ်လို့ ထရမ့်ကပြောလိုက်တဲ့အခါမှာ စတော့တွေအားလုံးအနီရောင်ဖြစ်သွားကြတာ တွေ့ရပါတယ်။
အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်နေဆဲမို့ နဂါးခေါင်းတစ်ချက်အလှည့်မှာ အမြီးရမ်းလို့အားလုံး ကမောက်ကမဖြစ်ကုန်ကြရတယ်။ ဒါကြောင့် သေချာတဲ့ Safe Heaven ဖြစ်တဲ့ ကမ္ဘာ့ရွှေက $ 3100 ကျော်အထိ ထောင်တက်သွားခဲ့တာတွေ့ ရတယ်။ (Safe Heaven – တန်ဖိုးမဆုံးသောအရာများ)
နိုင်ငံတကာစီးပွားရေးနဲ့ ရင်းနှီးနေကြသူများအတွက် ဘယ် Index ကို ကြည့်ရင်ဘာဖြစ်နေတယ်၊ ဘာဖြစ်တော့မလဲဆိုတာကိုသိနေလေ့ရှိတယ်။ ရွှေဟာ ပုံမှန်နည်းနည်းချင်းတက်နေတဲ့ သတ္တုတစ်မျိုးပါ။ ကမ္ဘာ့စီးပွားရေးကောင်းရင် Stock တန်ဖိုးတွေ Bull ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးမကောင်းရင်စတော့တွေ ဈေးကျတာ၊ “အိုင်”သွားတာ Bearish ဖြစ်လာပါတယ်။ အဲ့ဒီအခါကျရင် ရွှေဈေးကတက်အား ကောင်းလာတတ်ပါတယ်။
လောလောဆယ်မှာ ကမ္ဘာ့ရွှေဈေးတက် အား ကောင်းနေတဲ့အတွက်ကြောင့် Stock ဘက်မှာ အခြေအနေမကောင်းဘူးလို့နားလည်နိုင်ပြီး Stock ဘက်မှာ Bear Market ဖြစ်ရင် ကမ္ဘာ့စီးပွားရေး မရေရာ မသေချာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ခန့်မှန်းနိုင်ပါတယ်။
၂၅ ရာခိုင်နှုန်းသွင်းသမျှ မော်တော်ကား
ကောက်ပြီ
အမေရိကန်ကို တင်သွင်းသမျှ မော်တော်ကားအားလုံးအပေါ် အခွန်ရာခိုင်နှုန်း ၂၅ ကောက်ခံဖို့ ထရမ့်က အမိန့်ထုတ်လိုက်ပါတယ်။ ကမ္ဘာ့မော် တော်ကားလုပ်ငန်းတွေ “ဆူနာမီ” အတိုက်ခံရတော့တာပါပဲ။ အမေရိကန်က တင်ပို့တဲ့ကားတွေထက် အမေရိကန်ကိုတင်သွင်းတဲ့ မော်တော်ကားတွေက အဆမတန်များလို့ အခွန်နဲ့ ထရမ့်က အမြတ်ထုတ်လိုက်တာပါ။
ကိန်းသေလဲဖြစ်၊ သင်္ချာသဘော တရားအရဆိုရင် ထရမ့်မှန်ပါတယ်။ ဒါပေမဲ့ ကိန်းသေမဟုတ်ပြန်ပါဘူး။ Psychology Spending Power တွေပါလာပါတယ်။ ကိန်းရှင်တွေ ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ Moter Industry ရဲ့အခြေအနေကို ထပ်ဆင့်လေ့လာသင့်တယ်လို့မြင်ပါတယ်။ ဂျပန်နဲ့ တရုတ်မော်တော် ကားတွေကို မယှဉ်ပြိုင်နိုင်လို့ ချွေးပြန်နေတဲ့ အမေရိကန်မော်တော်ကားလုပ်ငန်းဟာ ICU ထဲရောက်တော့
မယ့်အခြေအနေ ချက်ချင်းဖြစ်သွားခဲ့ပါတယ်။
ဦးဆုံးအသံထွက်လာတာက Elon Musk ပဲဖြစ်ပါတယ်။ သူ့မော်တော်ကား Tesla တွေ အကြီးအကျယ်ထိခိုက်သွားပြီလို့ ညည်းညူရှာတယ်။ ဥရောပဈေး ကွက်မှာ Tesla အရောင်းက ၄၅ ရာခိုင်နှုန်းလောက် ရက်ရက်စက်စက်ကျသွားတယ်။ တရုတ် EV တွေကို မယှဉ် နိုင်တာရော၊ Musk ကိုဆန့်ကျင်ကြတာရောကြောင့်ဖြစ်ပါတယ်။ ထရမ့်ရဲ့ New Tariff ရာခိုင်နှုန်း ၂၅ က နှစ်ပူပေါ် သုံးပူဆင့်လိုက်သလိုဖြစ်သွားခဲ့ပါပြီ။
အမေရိကန်မော်တော်ကားလုပ်ငန်းကျွမ်းကျင်သူက ထရမ့်ရဲ့အခွန်နှုန်းထားသစ်ဟာ အမေရိကန်မော် တော်ကားတွေကို ပျမ်းမျှတစ်စီး $ 10,000 လောက် ပိုဈေးကြီးသွားစေမှာဖြစ်လို့ ချိုင်း ထောက်နဲ့ လျှောက်နေသူကို ချိုင်းထောက်ဆွဲဖြုတ်လိုက်သလိုဖြစ်စေတယ် လို့ဆိုလာပါတယ်။ GM ရှယ်ယာ – ၇-၅၄ ပြုတ်ကျသွားပြီး Ford က – ရာခိုင်နှုန်း ၂-၆၂ ပြုတ်ကျသွားတာ တွေ့ရ တယ်။ Tesla မော်တော်ကားတွေ ဘက်မတွေးရဲလောက်အောင်ပါပဲ။
အားကောင်းမောင်းသန်ရှိနေဆဲ Toyota မော်တော် ကားကုမ္ပဏီကတောင် အခုအခွန်နှုန်းထားသစ်နဲ့ဆိုရင် Toyota ကို ဂျပန်ကအခြားထုတ်လုပ် သူတွေထက်ပိုပြီးအထိနာစေပါတယ်လို့ ထုတ်ပြောလာပါတယ်။ ချက်ချင်းပဲ ရှယ်ယာ ဈေးကလည်းပြုတ်ကျသွားတာကို တွေ့ရတယ်။
ဒီနေရာမှာ Winner & Looser တွေဘယ်သူဖြစ်မလဲဆိုတာ တွက်ကြည့်လို့ရပါတယ်။
အမေရိကန်ကားထုတ်လုပ်မှုနဲ့ ဂျပန်ကား ထုတ် လုပ်မှုယှဉ်ပြိုင်ကြတုန်းက ဈေးအပြိုင်လျှော့၊ အရည် အသွေးမြှင့်ကြရာမှာ အမေရိကန်ဘက်က မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ အမေရိကန်မော်တော်ကား မွန်းတည့်ချိန်မှာလုပ်သားတွေအတွက် ပေးထားတဲ့ လူမှုဖူလုံရေးက မော်တော်ကား တစ်စီးပေါ်မှာ $ 2500 လောက် ထပ်ပေါင်းထည့်နေချိန်မှာ ဂျပန်က $ 700 ပဲအပိုဆောင်းရပါတယ်။ လိုအပ်သလို အရည်အသွေးတူကိုအပြိုင်ဈေးလျှော့ကြရာမှာ ဂျပန်ကအသာစီးရသွားပါတယ်။
ဒီနေ့ အလှည့်ကျတစ်ကျော့ပြန်လာပြီလို့ ဆိုရပါမယ်။
• ကားတစ်စီးပေါ် ထပ်ပေါင်းတန်ဖိုး
• ထုတ်လုပ်မှုကုန်ကျစရိတ်
• လုပ်အားခ
သုံးလုံးမှာ တရုတ်ကအသာစီး ဖြစ်နေပါတယ်။ နောက်ဆုံး သတ်မှတ် ဈေးနှုန်း Price Tag ရောက်ရင် တရုတ်ဈေးနှုန်းကို အမေရိကန်ရော၊ ဂျပန်တွေပါ ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ အနာတခြား၊ ဆေးတခြားဖြစ်ဦးမှာလို့ သုံးသပ်ရပါတယ်။
ဒါကြောင့် ထရမ်ရဲ့ New Tari Policy ဟာ ကိန်း သေရယ်လို့မတွက် သင့်ပဲကိန်းရှင်တွေပေါ်မှာပါ သက်ရောက်တယ်လို့တွက်ချက်မိမယ်ဆိုရင် အခြားနည်းဗျူဟာတစ်ခုကို စဉ်းစားလိမ့်မယ်လို့ ယူဆရပါတယ်။
#PAN