(စီးပွားရေး) မေ ၁၉
Messe Frankfurt France မှကြီးမှူးကျင်းပမည့် Apparel Sourcing Paris 2025 ပြပွဲကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ Paris Le Bourget, France ၌ စက်တင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အထည်ချုပ် လုပ်ငန်းရှင်များအား ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)သည် ဥရောပနိုင်ငံမှ ဝယ်လက်များနှင့်ချိတ်ဆက်နိုင်ရန် Myanmar Pavilion အနေနဲ့ ၂၀၂၂ ခုနှစ်မှစတင်ကာ ပြပွဲ၌ဝင်ရောက်ပြသလေ့ရှိပြီး ယခုနှစ်မှာလည်း Made in Myanmar ထုတ်ကုန်များ ပါဝင်ပြသလိုတဲ့ အသင်းဝင်စက်ရုံများကို ဖိတ်ခေါ်ထားသည်။
အသင်းဝင်များအနေဖြင့် ပြခန်းဖြင့်ပြသလိုပါက ပြခန်းကုန်ကျငွေကို စရိတ်မျှခံစနစ်ဖြင့် ကျခံ၍လိုက်ပါနိုင် မှာဖြစ်ပြီး ပြပွဲလေ့လာသူနှင့် လိုက်ပါလိုသည့် အသင်းဝင်စက်ရုံများအနေဖြင့်လည်း Registration Fees ပေးသွင်း၍ လိုက်ပါနိုင်မည်ဖြစ်သည်။
အဆိုပါပြပွဲအား တစ်နှစ်လျှင်နှစ်ကြိမ် ပါရီမြို့၌ ကျင်းပလေ့ရှိပြီး ဖက်ရှင်လုပ်ငန်းမှ ပြပွဲပြသသူ ၁,၀၀၀ ကျော်ဖြင့် ပါဝင်ပြသသည့် ပြပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ စီးပွားဖြစ်ဝယ်ယူသူများအတွက် အခြေခံပစ္စည်းများမှအစပြု၍ အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များအထိ စုံလင်စွာရှာဖွေဝယ်ယူနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ အသင်းဝင်စက်ရုံ၊ ကုမ္ပဏီများမှ Apparel Sourcing Paris 2025 ပြပွဲသို့ တက်ရောက်ရန် စိတ်ဝင်စားပါက ဖုန်း ဝ၉-၄၃၀၈၁၄၂၄ သို့ မေလ ၃၁ ရက်နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#PAN