ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိဟုဆို


(ပြည်တွင်း) မေ ၁၉

ပေါင်းလောင်းတမံနှင့် ရေပိုလွှဲ၏ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန်ထိန်းသိမ်းခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး သဘာဝဘေးအန္တရာယ် တစ်ခုခုကြုံတွေ့ လာရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား အသေးစိတ်ကြည့်ရှုနိုင်ရန် Dam Monitoring စောင့်ကြည့်တိုင်းတာ စစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိစစ်ဆေးတွေ့ရှိမှုအခြေအနေများအရ ရေလှောင်တမံကြံ့ခိုင်လုံခြုံမှု အခြေအနေမှာကောင်းမွန်ပြီး စိုးရိမ်ရန်မရှိကြောင်း၊ ပေါင်းလောင်းရေလှောင်တမံသည် ဘက်စုံရေလှောင်တမံတစ်ခု ဖြစ်ပြီး လျှပ်စစ်ထုတ်လွှတ်ရေမှ ပိုလျှံရေများကို ရေလွှဲဆည်မှတစ်ဆင့် စိုက်ပျိုးရေအဖြစ် ပြန်လည်အသုံးပြုနေသော စီမံကိန်းတစ်ခုဖြစ်ပြီး (၂၀၂၄-၂၀၂၅) ခု နွေစပါးရေပေးရာသီတွင် နွေစပါးနှင့် နွေသီးနှံဧက ၉၁၇၀ ကို စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပေါင်းလောင်းရေလှောင် တမံအပေါ်ယံ အက်ကြောင်းများဖြစ်ပေါ်ခဲ့မှုအပေါ် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြုပြင်ဆောင်ရွက် ပြီးစီးပြီဖြစ်ပြီး ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲပထမအဆင့် ထိခိုက်ပျက်စီးခဲ့မှုအား ပြင်ဆင်ဆောင်ရွက်ရန်စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲပြင်ဆင်ဆောင်ရွက်ရာတွင် လက်ရှိပျက်စီးနေမှုနှင့် ပျက်စီးနိုင်ခြေရှိသောအခြေအနေများအပေါ် အခြေခံကာ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲမှ ရရှိလာသော ဒီဇိုင်းများအပေါ် ရေရှည်ခိုင်ခံ့မှုကောင်းမွန်စေရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထားဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN