(မှုခင်း) မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၏ အနောက်တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာပင်လယ်ပြင်၌ “အားမာန်သစ်” စက်လှေပေါ်မှ တရားခံ သိန်းဇော်(၄၃)နှစ်၊ သက်ဦး(၅၆)နှစ်၊အောင်မြင့်(၅၁)နှစ်၊ သိန်းဇော်(၅၆)နှစ်တို့အား ပီနံအိတ် ၃၁ အိတ်ဖြင့် ထည့်သွင်းတင်ဆောင်လာသည့်ICE ၆၁၈ ကီလိုဂရမ် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလ ၂၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့၏အနောက်ဘက် ရေမိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်၌ ကုန်တင်သင်္ဘောပေါ်မှတရားခံ ဆန်းလွင်(၆၅)နှစ်၊ စစိန်ငွေသိန်း(၅၄)နှစ်၊ ခန့်ဇင်သန့်(၃၈)နှစ်၊ ဖြိုးသူဝင်း(၂၄)နှစ်၊ ဥက္ကာမင်းမောင် (၂၀)နှစ်၊ အောင်သူထိုက်(၃၁)နှစ်၊ သက်ပိုင်ဦး(၂၂)နှစ်၊ မင်းခန့်ကျော်(၂၀)နှစ်၊ ဇော်လင်း(၂၂)နှစ်၊ ကျော်သူနိုင်(၃၅)နှစ်၊ အောင်သူ(၃၄)နှစ်၊ တင်ဌေး(၆၅)နှစ်တို့အား ပီနံအိတ် ၂၂၀ အိတ်ဖြင့်ထည့်သွင်း တင်ဆောင်လာသည့် ICE ၃၄၇၅ ကီလိုဂရမ်၊ ကတ်တမင်း ၂၀၀၀ ကီလိုဂရမ်တို့နှင့်အတူထပ်မံဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါးများ တင်ဆောင်ပေးခဲ့သည့်တရားခံ ချစ်ဆန်းကို(၄၄)နှစ်အား ဖျာပုံမြို့ရှိ အောင်သရဖူ KTV ၌ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ ဧပြီလ ၂၇ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချသည့် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်း(ခ)အောင်နိုင်ကြွယ်(၃၄)နှစ်နှင့်အတူ ကွင်းဆက်တရားခံများဖြစ်သည့် ကျော်မင်းသန်း(ခ)မောင်လုံး(၃၆)နှစ်၊အောင်မိုးဝင်း(ခ)ဝင်းခိုင်(၄၅)နှစ်၊ ပြည့်စုံ(ခ)နွားကြီး(၃၅)နှစ်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ FMI အိမ်ယာ၊ အိမ်အမှတ်(အို-၁၁၆)၌ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထို့ပြင် မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တရားခံ နေပိုင်လင်း(ခ)အောင်နိုင်ကြွယ်နှင့်အတူ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရာတွင် ပါဝင်ခဲ့သည့် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးအဖွဲ့ဝင်များဖြစ်သော ပိုင်ပိုင်ထွေး(ခ)အောင်နိုင်ထွေး(ခ)အောင်နိုင်သူ(ခ)ပိုင်ပိုင်(၂၆)နှစ်၊ နော်နော်(၂၄)နှစ်နှင့်ကိုကိုဦး(၅၈)နှစ်တို့အား ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်လည်းကောင်း၊ မေလ ၆ ရက်နေ့ ညနေပိုင်းတွင်ကွင်းဆက်တရားခံ ကောင်းမြတ်သူ(၂၅)နှစ်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့ နယ်၊ ပုလဲမြို့သစ်၊ အောင်သပြေလမ်း၊ အိမ်အမှတ်(၂၀၁-ဘီ)၌ AAသောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးဒုတိယတာဝန်ခံ နေမြင့်ထွန်း(ခ)ပြည့်စုံ(ခ)လူကြီး(၄၁)နှစ်အားပီနံအိတ် ၃၂ အိတ် အတွင်း ထည့်သွင်းသိုဝှက်ထားသည့် ကတ်တမင်း ၁၀၀၀ ကီလိုဂရမ်နှင့်အတူထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

သို့ဖြစ်၍ ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးတရားခံ ၂၆ ဦးတို့အား ICE ၄၀၉၃ ကီလိုဂရမ်(၁ ကီလိုဂရမ်လျှင်ကျပ်သိန်း ၂၅၀ ဖြင့်)၊ ကတ်တမင်း ၃၀၀၀ ကီလိုဂရမ်(၁ ကီလိုဂရမ်လျှင်ကျပ်သိန်း ၆၀၀ ဖြင့်)၊ ကာလတန်ဖိုးငွေကျပ် ၂၈၂.၃၂၅ ဘီလီယံခန့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည် ဟု သိရသည်။

ဖမ်းဆီးရမိတရားခံ နေပိုင်လင်း(ခ)အောင်နိုင်ကြွယ် ၏ ထွက်ဆိုချက်အရ AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၎င်းတို့အဖွဲ့ရပ်တည်နိုင်ရေးနှင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက်လိုအပ်သော ငွေကြေးများရရှိနိုင်ရန် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာလုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

ယခုဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့ နယ်၊ ဝမ်ဟိုင်းကျေးရွာနေ ဖမ်းဆီးရန်ကျန်တရားခံ ကိုစိုင်း၊ ကိုတရုတ်(ခ)စိုင်းအောင်လူ တို့ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်းသိရသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ.ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ၂ ဦးအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့်သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်သည်ဟု သိရသည်။