“ယခုနှစ်ဘောလုံးအကယ်ဒမီကျောင်းအတွက် ပဏာမ ရွေးချယ်ခံထားရတဲ့ လူငယ် ၂၀၀ ကျော် နောက်ဆုံး ဇကာတင် ရွေးချယ်ပွဲ ပြုလုပ်မည်”

(အားကစား) မေ ၁၂

၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ဘောလုံးအကယ်ဒမီကျောင်းအတွက် ပဏာမရွေးချယ်ခံထားရတဲ့ သက်တမ်းအလိုက် လူငယ်ကစားသမား ၂၀၀ ကျော်ကို နောက်ဆုံးဇကာတင် ရွေးချယ်ပွဲပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုရွေးချယ်ရာမှာ ယူ-၁၂ ကစားသမား ၅၂ ဦးကို မေလ ၁၃ ရက်မှာလည်းကောင်း၊ ယူ-၁၃ ကစားသမား ၇၁ ဦးကို မေလ ၁၄ ရက်မှာ လည်းကောင်း၊ ယူ-၁၄ ကစားသမား ၁၀၁ ဦးကို မေလ ၁၅ ရက်မှာလည်ကောင်း ရန်ကုန်မြို့ သုဝဏ္ဏ လေ့ကျင့်ရေးကွင်း(၁)မှာ ထပ်မံရွေးချယ်သွားမည်ဖြစ်တယ်လို့  သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ မန္တလေးနှင့် ရန်ကုန်မြို့ရှိ အကယ်ဒမီများအတွက် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် ကျောင်းသားသစ်များ ရွေးချယ်ခြင်းအစီအစဉ်မှာ လူငယ်ကစားသမား စုစုပေါင်း ၁,၃၀၀ ကျော်ကို အဆင့်ဆင့်ရွေးချယ် ခဲ့ကြတာဖြစ်ပါတယ်။

ထိုရွေးချယ်ပွဲများသို့ ဂျပန်နိုင်ငံသား နည်းစနစ်ဒါရိုက်တာ မိတနှင့်နည်းစနစ်ဌာန၊ နည်းပြများ၊ မြန်မာ့ လက်ရွေးစင်ကစားသမားဟောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များပါဝင်တဲ့ ရွေးချယ်ရေး အဖွဲ့များက ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။