(မှုခင်း) မေ ၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆရာဝန်တစ်ဦးက ကွာရှင်းထားသည့် မိန်းမဖြစ်သူကို သတ်ဖြတ်ရန် ငွေပေးစေခိုင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၅ ရက် နေ့လည် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင်က မော်လမြိုင်မြို့၊ ကွင်းရပ်၊ အောက်လမ်းမကြီး၊ Godavan ဒံပေါက်ဆိုင်ရှေ့တွင် မသင်္ကာဖွယ် လူ ၅ ဦး ခန့်မှာ တိုယိုတာ မော်တော်ယာဉ် ၂ စီးဖြင့်ရောက်ရှိနေကြောင်းသတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်းဖြစ်သူ အောင်ဇေယျမြို့သစ်ရပ်ကွက်၊ မုတ္တမမြို့၊ ပေါင်မြို့နယ်နေ နိုင်ဦး၊ ၅၀ နှစ်ကို BIYATE စာတမ်းပါ စစ်စိမ်းရောင် ဘေးလွယ်အိတ် ၁ လုံး၊ အနက်ရောင် လယ်သာပိုက်ဆံအိတ် ၁ လုံးငွေစက္ကူများနှင့် သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ အော်တို 32 ကျည် ၁၂ တောင့်တို့နှင့် အတူတွေ့ရှိဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအား ဆက်လက်စစ်ဆေးရာ ကွင်းရပ်ရပ်ကွက်၊ အောက်လမ်းမကြီးအတိုင်း မောင်ငံဈေးဘက်မှ ကျောက်မီးသွေးရုံ မီးပွိုင့်ဘက်သို့ မောင်းနှင်လာသည့် KYN 4 DD/1163 Toyota Probox အမျိုးအစား၊ အဖြူရောင်မော်တော်ယာဉ်အား တားဆီးစစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်တွင် သွေးသောက်ရပ်၊ ကျွဲခြံကုန်းရပ်ကွက်တွင် နေထိုင်သည့် ယာဉ်မောင်းဖြစ်သူ ဇော်မင်းလတ်(ခ)မှုံကြီး(ခ)ငမှုံ၊ ၄၁ နှစ်၊ “အောင် “ဒီဇယ်ဆိုင်လမ်းကြား၊ မြေနီကုန်းရပ်ကွက်၊ မော်လမြိုင်မြို့တွင် နေထိုင်သည့် ဟိန်းဝင်း(ခ)ဗျက်စုတ်၊ ၄၀ နှစ်နှင့် သွေးသောက်ရပ်၊ ကျွဲခြံကုန်းရပ်ကွက်၌ နေထိုင်သည့် ကျော်ဝင်းသူ(ခ)ကုလား၊ ၄၅ နှစ်တို့ကို တွေ့ရှိ၍ ဆက်လက်စစ်ဆေးခဲ့ရာ ဖမ်းဆီးရမိသော နိုင်ဦး၏ ဖုန်းကိုစစ်ဆေးရာ မှုံကြီး နှင့် နိုင်ဦးတို့အပြန်အလှန်ပြောဆိုထားသည့် “ဘာထိုင်လုပ်နေတာလဲ မလုပ်သေးဘူးလား၊ လူတွေအများကြီးနဲ့ ဘယ်လိုလုပ်မှာလဲ” စသည်ဖြင့် အပြန်အလှန်ပြောဆိုမှုများ တွေ့ရှိ၍ အသေးစိတ်စစ်ဆေးခဲ့ရာ Godavan ဒံပေါက်ဆိုင်မှ မဝင့်မြတ်မြတ်ဖြိုးနှင့် ကွာရှင်းထားသူ ဒေါက်တာ ဇင်မင်းနောင်နောင်၊ ၃၅ နှစ်က မဝင့်မြတ်မြတ်ဖြိုး၏ ငွေကြေးကိစ္စများ အရှုပ်အရှင်းကြောင့် လုပ်ကြံသတ်ဖြတ်ရန် နိုင်ဦးအား ငွေကျပ်သိန်း ၈၀ ပေး ၍ ခိုင်းစေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မှုံကြီးပါ ၃ ဦးတို့ကို ခေါ်ဆောင်ကာ လာရောက်ခဲ့သော်လည်း လမ်းသွား၊ လမ်းလာများ ရှုပ်ထွေးနေပြီး အခြေအနေမပေးသဖြင့် လုပ်ကြံသတ်ဖြတ်ရန် စောင့်ဆိုင်းနေစဉ် ရဲတပ်ဖွဲ့ဝင်များမှ လာရောက်ဖမ်ဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး မဝင့်မြတ်မြတ်ဖြိုးအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သူ နိုင်ဦး၊ ဇော်မင်းလတ်(ခ)မှုံကြီး၊ ကျော်ဝင်းသူ၊ ဟိန်းဝင်း(ခ)ဗျက်စုတ်၊ ဒေါက်တာ ဇင်မင်းနောင်နောင်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အရအမှုရေးဖွင့်ထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews