(နိုင်ငံတကာ) မေ ၂

အိန္ဒိယနိုင်ငံ က ပါကစ္စတန်နိုင်ငံနှင့်ပတ်သက်သော လေယာဉ်များကို ဝေဟင်အသုံးပြုခွင့်တားမြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ အဆိုပါလေယာဉ်များတွင် စစ်သုံးလေယာဉ်များလည်း ပါဝင်သည်။
ယခုကဲ့သို့ ပါကစ္စတန်နိုင်ငံ အတွက် ဝေဟင်ကိုအသုံးပြုခွင့်တားမြစ်ခြင်းသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ပါကစ္စတန်အစိုးရက အိန္ဒိယနိုင်ငံမှ လေယာဉ်များအတွက် ဝေဟင်အသုံးပြုခွင့်ကို တားမြစ်ပြီးနောက် လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပါဟယ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှုကို နောက်ကွယ်မှ စီစဉ်သူများ၊ ကျူးလွန်သူများအနေဖြင့် တရားဥပဒေနှင့်အညီ အပြစ်ပေးခံရမည်ဖြစ်ကြောင်း မေလ ၁ ရက်တွင် ပြော ထားသည်။
အိန္ဒိယနိုင်ငံကထိန်းချုပ်ထားသည့် ကက်ရှမီးယားဒေသရှိ ပါဟယ်ဂမ်မြို့၌ စစ်သွေးကြွများက ခရီးသွား ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၂၆ ဦးသေ ဆုံးပြီးနောက် အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့ ကြား တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။
အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယ်စပ်ရှိ ထိန်းချုပ် မျဉ်း တစ်လျှောက်၌ အိန္ဒိယနှင့်ပါကစ္စတန်စစ်သည်များကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားရာ သီတင်းပတ် တစ်ပတ်ကြာရှိလာပြီ ဖြစ်သည်။
ယင်းပစ်ခတ်မှုများတွင် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့် ထိုပစ်ခတ်မှုများကို ပါကစ္စတန်ဘက် က စတင်ခြင်းဖြစ်ကြောင်း အိန္ဒိယဘက်က ထုတ်ပြန်ထားသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews