“ရုရှားတရားလွှတ်တော်ချုပ်က တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းစာရင်းမှ ဖယ်ထုတ်ရန်ဆုံးဖြတ်”

(နိုင်ငံတကာ) ဧပြီ ၁၉

အာဖဂန်နစ္စတန်နိုင်ငံကို လက်ရှိထိန်းချုပ်ထားသော တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းများစာရင်း မှ ဖယ်ထုတ်ပေးရန် ရုရှားတရားလွှတ်တော်ချုပ် က ဧပြီလ ၁၇ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

ရုရှားတရားလွှတ်တော်ချုပ်၏ အဆိုပါဆုံးဖြတ်ချက်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လမှစ၍ အာဖဂန်နစ္စတန် နိုင်ငံကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော တာလီဘန်အဖွဲ့အတွက် နိုင်ငံရေးအရ အောင်ပွဲတစ်ခုဖြစ်ခဲ့ရသည်။

ရုရှား အစိုးရသည် ၂၀၀၃ ခုနှစ်ကပင် တာလီဘန်အဖွဲ့ကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် စာရင်းသွင်းထားသည်။

ရုရှားနိုင်ငံ၏ ဥပဒေများအရ ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသော အဖွဲ့အစည်း များနှင့် မည်သည့်အဆက်အသွယ်မျိုးကိုမှ ပြုလုပ်ခွင့်မရှိဘဲ ပြုလုပ်သူများကို ဥပဒေအရအပြစ်ပေးနိုင်ကြောင်း သိရသည်။

သို့ရာတွင် တာလီဘန်အဖွဲ့သည် အာဖဂန်နစ္စတန်ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ရုရှားနိုင်ငံက လက်ခံကျင်းပခဲ့သော ညီလာခံအမျိုးမျိုးသို့ ကိုယ်စားလှယ်စေလွှတ်နိုင်ခဲ့သည်။

အာဖဂန်နစ္စတန်တည်ငြိမ်ရေး အတွက် ကူညီရာတွင် တာလီဘန်အဖွဲ့နှင့် ထိတွေ့ဆက်ဆံရန်လိုကြောင်း ရုရှားတာဝန်ရှိသူများက ပြောကြားထားကြောင်းသိရသည်။

#PAN