အင်းဝ-ပင်းယ ရှေးဟောင်းနယ်မြေအတွင်း ပြိုကျသွားခဲ့သည့် စေတီများအနက် ရှေးဟောင်းနှစ်ထပ်စေတီများ တွေ့ရှိ


(ပြည်တွင်း) ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝ-ပင်းယ ရှေးဟောင်းနယ်မြေအတွင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရား၊ စေတီ၊ ပုထိုးများအနက် မူလစေတီကိုငုံ၍ တည်ခဲ့သော နှစ်ထပ်စေတီများ တွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(မန္တလေးဌာနခွဲ)မှ သိရပါတယ်။

ငလျင်ကြောင့် အဆိုပါရှေးဟောင်းနယ်မြေအတွင်း ထိခိုက်ပျက်စီးမှုစာရင်း ကောက်ယူစာရင်းပြုစုရာမှ ရှေးဟောင်းစေတီအချို့မှာ နှစ်ထပ်စေတီဖြစ်နေသည်ကို တွေ့ရှိခဲ့ရပါတယ်။

ထိုနှစ်ထပ်စေတီများမှာ သောတာပန် ဘုရားအနီးမှ အမှတ် (၉၃) စေတီတစ်ဆူ၊ ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် (၃၁၆) နှင့် (၃၁၈) စေတီ၊ အမှတ် (၂၁)ကြေးနီမု ဌောစေတီ၊ မြသိန်းတန်ဘုရားအနီးမှ ကိုစံငွေယာခင်းအနီး (၁) ဆူ၊ မင်္ဂလာရပ်မှ ဦးထွန်းနိုင်ယာခင်းအနီး (၂) ဆူ၊ ရှင်ပင်ခရေသီးစေတီ၊ ပုလိပ်ဘုရားစု၊ အင်ရောင်ဘုရားစု စသည်တို့ ဖြစ်ကြောင်း သိရပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မန္တလေးငလျင်ကြောင့် မန္တလေး၊ အင်းဝ၊ အမရပူရ မြို့နယ်တို့တွင် လူနေအိမ်များနှင့် ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုရှိခဲ့ပြီး အင်းဝ-ပင်းယ ရှေးဟောင်းဇုန် တွင် မှတ်တမ်းတင်ထားသည့် ရှေးဟောင်းအဆောက်အအုံ ၉၆၀ ရှိရာ ၇၀ ရာနှုန်းခန့်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN