ကော့ကရိတ်တွင် KNU ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ကြောင့် ကလေးငယ် ၂ ဦး ဒဏ်ရာရ

(ပြည်တွင်း) မတ် ၂၄

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မတ်လ ၂၃ ရက်နေ့က ကရင့်လက်နက်ကိုင် KNU နဲ့ အကြမ်းဖက် PDF က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ၆ နှစ်အရွယ်နဲ့ ၁၁ နှစ်အရွယ် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့ အမှတ် ၂ရပ်ကွက်ကို မြောက်ဘက် ပျားပင်ဘက်ကနေ KNU နဲ့ PDF တွေကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ ရပ်ကွက်အတွင်းက နေအိမ်တလုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် ၂ ထဲက ကိုမျိုးအောင်မင်းတို့အိမ်ပေါ်ကို ညနေ ၄ နာရီခွဲလောက်မှာ လာကျတယ်။ အိမ်ထဲကကျောင်းသားကလေး ၂ ယောက်ထိတယ်။ စိုးရိမ်ရတာမဟုတ်ပေမယ့် ဒဏ်ရာပြင်းထန်တယ်။ ခုတော့ ကလေးနှစ်ယောက်လုံး တောင်ကလေးဆေးရုံကိုရောက်နေတယ်” လို့ ဒေသခံတစ်ဦးက PAN ကိုပြောပါတယ်။

မတ်လ ၂၃ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲအချိန်ဝန်းကျင်ခန့်က KNU နဲ့ PDF တွေဟာ ကော့ကရိတ်မြောက်ဘက်ခြမ်း ပျားပင်ဘက်ကနေ ကော့ကရိတ်မြို့ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။

KNU နဲ့ PDF တွေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကော့ကရိတ်မြို့ အမှတ် ၂ရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာရှိတဲ့ အိမ်ရှင် ဦးအောင်မျိုးမင်းရဲ့ နေအိမ် အိမ်ခန်းထဲကိုကျရောက်ပေါက်ကွဲခဲ့လို့ (၁၁)နှစ်အရွယ် Grade-3 ကျောင်းသား မောင်စိုင်းဝေယံမျိုးနဲ့ အသက် (၆)နှစ်အရွယ် KG ကျောင်းသူ မလင်းလဲ့နေခြည်တို့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။

လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြတဲ့ ကလေးငယ်နှစ်ဦးကို ကရိတ်ဆေးရုံကတဆင့် ဘားအံမြို့ တောင်ကလေးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

#PAN #KNU #PDF #ကော့ကရိတ် #လက်နက်ကြီးကျည်ထိမှန်