
(ဆောင်းပါးကဏ္ဍ) မတ် ၉
နေဇင်လတ်
“၂၀၁၆” ထရမ့်သမ္မတဖြစ်လာတော့ သူ့ကြွေး ကြော်သံတစ်ခုကအတော် “ပေါက်”သွားတယ်။ MAGA –Make America Great Again “အမေရိကန်ကို တဖန်ပြန်ကြီးကျယ်ကြပါစို့”လို့ သဘောရပါတယ်။ အမေရိကန် သမ္မတသမိုင်းမှာ “အတိုဆုံး”၊ “အထိရောက်ဆုံး”၊ “ဆွဲဆောင်မှုအရှိဆုံး” Slogan လို့ ပြောရပါလိမ့်မယ်။ MAGA လို့ ပြောလိုက်တဲ့အတွက် အမေရိကန်ကျဆင်းနေတာကို Trump တို့ လက်ခံထားတဲ့ သဘောဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ Biden ကို Trump ရှုံးသွားတယ်။ သူ့ရဲ့တစ်ဇွတ်ထိုးလုပ်တတ်မှု၊ မိုက်ရူးရဲ ဆန်မှုတွေက အဓိကအကြောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ Biden နဲ့ ၂ဝ၂၄ ရွေးကောက်ပွဲမှာ ပြန်တွေ့ကြတယ်။ ဒီတစ်ခါမှာတော့ ဒီမိုကရက်တွေကို Trump ကပြတ်ပြတ်သားသား အနိုင်ရသွားပါတယ်။ MAGA
ကြွေးကြော်သံက “ပေါက်”ထားတာမို့ MAGA ကိုပဲ ဆက်သုံးသွားခဲ့တယ်။အခုဆိုရင် USA ကိုတောင် MAGA Land လို့တင်စားခေါ်ဝေါ်နေကြတာတွေ့ရတယ်။
” MAGA ” လား ” KAWA” လား
MAGA Make America Great Again ကိုတော့ လူတိုင်းသိကြပါတယ်။တစ်ကမ္ဘာလုံးပါးစပ်ဖျားကိုရောက်သွားတဲ့ စကားလုံးပါ။
KAWA – Keep America Worse Again ရဲ့ အဓိပ္ပါယ်ကတော့ အမေရိကားကိုဆက်လက်ဆိုးနေခြင်းအဓိပ္ပါယ်ဖြစ်တယ်။
ထရမ့် လက်ထက်မှာ “လှော်ရင်းနစ်သွားရင်” တော့ KAWA ဖြစ်သွားမှာ သေချာနေပါတယ်။ လုပ်ဆောင်မှုတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ ရောဂါတစ်ခုပျောက်ဖို့သောက်တဲ့ ဆေးလိုပါပဲ။ နောက်ရောဂါက ပိုကြီးဆိုရင် အနုတ် လက္ခဏာလို ဖြစ်သွားတဲ့သဘောပါ။ မကြာခဏရေးပြဖူးတာရှိပါတယ်။
“ရှေးအမေရိကန်တွေ မြော်မြင်မှ ကြီးမားခဲ့လို့ အမေရိကန်ဖြစ်ခဲ့ပြီး နှောင်းအမေရိကန်တွေ မိတ်ကပ်တောင် မခြယ်သတတ်လို့ အမေရိကန် ကျဆင်းခဲ့ရတယ်” ဆိုတဲ့ သတိပေးမှုပါ။
Ronald Reagan အပါအဝင်အရင် သမ္မတတွေရဲ့ မူဝါဒ၊ မူဝါဒကို အကောင်အထည်ဖော်တဲ့ မဟာဗျူဟာတွေမှာ ဘေးထွက်ဆိုးကျိုးတွေကို နှိမ်နင်းခဲ့လို့ အမေရိကန် “မွန်းတည့်နေ” ဖြစ်ခဲ့ရတယ်။ Reagan ရဲ့နောက် Bush(SI) ကနေ ဒီနေ့အထိသမ္မတတွေ အဆက်ဆက်လက်ထက်ကျတော့ မူဝါဒက မမှန်၊ မဟာဗျူဟာက “ကလေး ကလား” ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးကို အကုန် အစင်မတွက်ချက်နိုင်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေကိုကောင်းကောင်းခံစားကြရပြီးအမေရိကရဲ့ အကျခရီးက မြန်ဆန်ခဲ့တာကိုတွေ့ရတယ်။
အထူးသဖြင့် Bush (Jr) ရဲ့ ”9 -11” နောက် တုံ့ပြန် မှုရဲ့ဘေးထွက်ဆိုးကျိုးတွေ အတော်ကြီးတာတွေ့ ရတယ်။ ပြိုင်ဘက်မဲ့ Unipolar World ဖြစ်ပြီဆိုတဲ့ Mentality က ဗိုလ်ကျစိုးမိုးရေး US Hcgemony ကို ပိုပြီး သရုပ်ပေါ်လာစေတယ်။ အားလုံးရဲ့ ချဉ်ဖတ်ဖြစ် လာခဲ့ပြီး အားလုံးရဲ့ ဆန့်ကျင်မှုကို ကျယ်ကျယ်ပြန့်ပြန့် စပြီးရင် ဆိုင်ရပါတော့တယ်။
” America is getting worse ” အမေရိကန်ကျဆင်းနေတယ်လို့ ပညာရှင်တွေသတိပေးမှုကို အီလစ်တွေ လက်မခံကြဘူး။ ငါတကောဆက်ကောကြတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြိုင်အဆိုင်ကျင့် သုံးကြပြီး သူတော်ကောင်းယောင်ဆောင်၊ ပြည်သူတွေကို လှည့်ဖြားပြီး မိတ်ကပ်တွေ အပြိုင်ကြဲကြရာကနေ ရုရှား၊ တရုတ်၊ အိန္ဒိယတို့ တိုးတက်လာမှုက နောက်ဆုံး အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့အဆင့်အထိ ရောက် ခဲ့ကြတယ်။
ဒီနေ့ဆိုရင် အမေရိကန်ရဲ့ National Debt အကြွေးက $ 36.22 Tril-lion ဖြစ်နေပါပြီ။ တစ်နှစ်ကို အနည်းဆုံး $2.0 Trillionတက်နေပါတယ်။ GDP က $ 28 Trillion ပဲရှိတယ်။ ဒီပုံအတိုင်းနဲ့ ဆက်သွားရင် တစ်ချိန်ချိန်မှာ US ဗုန်းဗုန်းကျတဲ့ အချိန်တစ်ချိန်ဖြစ်လာပါလိမ့်မယ်။
သတိပေးခေါင်းလောင်းသံနှစ်ချက်
Trump ရဲ့ပထမသမ္မတသက်တမ်း ၂၀၁၆ – ၂၀၂၀ မှာ MAGA ကို အတော်အသင့် ကျင့်သုံးနိုင်ခဲ့တာ တွေ့ရတယ်။ အထူးသဖြင့် တရုတ်နဲ့ကုန်သွယ်ရေးမှာ တစ်နှစ်ကို $ 400 Billion လောက်အနုတ်ပြနေတဲ့ US ဟာ ထရမ့် လက်ထက်မှာ Trade War နဲ့ ထိပ်တိုက်တွေ့ပစ်တယ်။ နှစ်ဖက်စလုံးနာသွားခဲ့ပါတယ်။ တရုတ်ဘက်က Covid – 19 နဲ့တုံ့ပြန်လိုက်လို့ Trade War က ရှေ့ဆက်မတိုးနိုင်ပဲ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်လိုက်ရလို့ GDP ထိုးဆင်းသွားတယ်။ တရုတ်ရဲ့စီးပွားရေးစိန်ခေါ်သံပါ။ အမေရိကန် “၆” သမျှမရတော့ဘူးဆိုတာကို ပြသလိုက်တဲ့ပထမမြင်ကွင်းပါ။ စီးပွားရေးမျက်နှာစာက အကြီးမားဆုံး စိန်ခေါ်တုံ့ပြန်မှုဖြစ်ပါတယ်။
ဒုတိယစစ်ရေးမျက်နှာစာဘက်မှာလည်း အမေရိကန်ဘက်က တစ္ဆေအခြောက်ခံ လိုက်ရပြန်ပါတယ်။ Pentagon က ဗိုလ်ချုပ်ကြီးတွေ ကိုယ် တိုင်က ထရမ့်ကို သတိပေးရာမှာ –
” We are under the threat of Russian’s Hypersonic Missiles.”

ရုရှားတွေရဲ့အသံလွန်မြန်ဆန်တဲ့ ဟိုက်ပါဆောနစ်မစ်ဇိုင်း (နည်းပညာ)က အမေရိကန်တွေကိုတစ္ဆေခြောက်နေပြီလို့ ထရမ့်ကိုသတိပေးခဲ့တယ်။ နည်းပညာ၊ အာကာသနဲ့ မစ်ဇိုင်းတွေဘက်မှာ အမေရိကန်တွေ အမြဲအသာစီးရနေရမယ်ဆိုတဲ့ အမေရိကန်ရဲ့အိပ်မက်က “မေးအငေါ့” ခံလိုက်ရတယ်။ ဒီလိုနဲ့ ထရမ့်ရဲ့ ပထမသက်တမ်းကုန်သွားပြီး Biden ကို သမ္မတတာဝန်လွှဲပေးလိုက်ရတော့တယ်။
အမေရိကန်ဟာတစ်နေ့တစ်မျိုး မရိုးပဲနဲ့အဆိုးတွေကိုရင်ဆိုင်နေရတယ်။ အဓိက အကြောင်းရင်းကတော့ သမ္မတတွေရဲ့လွဲမှားတဲ့ဦးဆောင်မှု၊ လွဲမှားတဲ့ အတွေး အခေါ်တွေကြောင့်လို့ ပြောရလိမ့်မယ်။ Biden လက် ထက်မူဝါဒတွေက “ပျော့သလို၊မာသလို” ကြောင်ချေးဖြစ်ခဲ့သလို၊ စီးပွားရေးကိုလည်း ထူးထူးခြားခြားလုပ်မပြနိုင်ခဲ့ပါဘူး။ ပိုဆိုးတာက သမ္မတထုတ်ပြန်တဲ့ “စီးပွားရေးအစီရင်ခံစာ”တွေမှာလိမ်ညာခဲ့တာပဲဖြစ်ပါတယ်။ အမေရိကန်စီးပွားရေးကောင်း တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပေမယ့်လက်တွေ့ ဘဝမှာ ငွေဖောင်းပွမှုကြီးမားလာတာ၊ လျှပ်စစ်နဲ့ လောင်စာဈေးကြီးမြင့်လာတာ၊ အလုပ်လက်မဲ့ တိုးပွားလာတာတွေကို ရင် ဆိုင်ခဲ့ကြရတယ်။
နောက်ပိုင်းမှာ ပညာရှင်တွေရဲ့ မှန်ကန်တဲ့ စာရင်းဇယားတွေထွက်လာတော့ သမ္မတထုတ်ပြန်တဲ့ စာရင်းဇယားတွေက အလိမ်အညာတွေဖြစ်ခဲ့ပါတယ်ဆိုတဲ့အချက်က အတော့်ကိုအကျည်းတန်သွားစေခဲ့တယ်။
ဘိုင်ဒင့်လက်ထက်မှာ ယူကရိမ်းစစ်ကို ဖန်တီးလိုက်တာဟာ ကမ္ဘာ့အခင်းအကျင်းကိုအတော်ကြီးပြောင်းလဲသွားစေခဲ့တာတွေ့ရတယ်။ ရုရှားကိုစစ်နွံနစ်ဖို့ကြိုးစားခဲ့ ပေမယ့် US ကိုယ် တိုင်နဲ့ NATO တို့ စစ်နွံထဲက ထွက်မရဖြစ်သွားတယ်။ ထွက်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေက အတော့်ကိုကြီးမားတာတွေ့နိုင်ပါတယ်။
• အမေရိကန်အကြွေးပိုတက်
• ငွေဖောင်းပွမှု
• အမေရိကန် – နေတိုးခွာပြဲ
• အမေရိကန် – အီးယူ အက်ကြောင်းထင်
• ရုရှား – တရုတ် – အီရန် – မြောက်ကိုရီးယားတို့ ပူးပေါင်းမိသွား
• အမေရိကန် Sanction ကို ဆန့်ကျင်နိုင်ခဲ့တဲ့အတွက်မေးခွန်းထုတ်ခံရ
• ပူတင် သြဇာတက်ပြီး အမေရိကန် ပုံရိပ်ကျဆင်းသွား

အဆိုးတကာ့ အဆိုးဆုံးကတော့ ဘိုင်ဒင်သမ္မတဖြစ်ပြီး ပထမနေ့မှာကတည်းက သူ့စိတ်ကျန်းမာရေးက သမ္မတတာဝန်မထမ်းဆောင်နိုင်ဘူးဆိုတာ စပြီးသိခဲ့ရတယ်။ဒါပေမဲ့ ကျန်းမာရေးကောင်းမွန်ပါတယ်ဆိုပြီး မဲပေးခဲ့တဲ့ အမေရိကန်သန်း ၃ဝဝ ကျော်နဲ့ ကမ္ဘာကြီးကို လေးနှစ်လုံးလုံး လိမ်ညာခဲ့တာပဲဖြစ်တယ်။ အဲ့ဒီလေးနှစ်ကာလမှာ အိမ်ဖြူတော်ကို Bidenက မဦးစီးနိုင်ခဲ့ပဲ ဘိုင်ဒင့် ကိုယ်စားဘယ်သူတွေက “သမ္မတအယောင်ဆောင်”သွားခဲ့သလဲဆိုတာ သမိုင်းတွင် အမည်းစက်ဖြစ်ခဲ့ပြီး Biden ကိုယ်တိုင်လဲ ရုပ်ပျက်-ဆင်းပျက်နဲ့ အိမ်ဖြူတော်က ထွက်ခွာခဲ့ရတာ တွေ့ရတယ်။
ပိုကောင်းမလား ပိုဆိုးမလား
တစ်ကျော့ပြန်Trump သမ္မတဖြစ်လာခဲ့ပြန်ပါပြီ။ USသမိုင်းမှာ Trump ဟာ ၄၅ ဦးမြောက်နဲ့ ၄၇ ဦးမြောက်သမ္မတအဖြစ် တစ်ဦးတည်းသောသူအဖြစ် သမိုင်းတော့တွင်သွားခဲ့ပါတယ်။ MAGA ကိုလက်ကိုင်ထားတဲ့ ထရမ့်ဟာ သူ့ကတိတွေကို ဖြည့်ဆည်းသွားတာတော့ အဖွင့်ကောင်းတယ်လို့ပြောရပါလိမ့်မယ်။ သမ္မတအဖြစ် Day – 1 မှာ Executive Order(အထူးအမိန့်) ၁ဝဝ ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး တစ်ပတ်အတွင်း EO ပေါင်း ၃ဝဝ ကျော်ကိုထုတ်ပြန်ခဲ့တာကတော့ ဘယ်သမ္မတမှ မလုပ်နိုင်ခဲ့တာကို လုပ်ပြသွားတာဖြစ်ပါတယ်။
အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူးမလေး Leavitt ရဲ့တင်စားမှုက “ထရမ့်ရဲ့ ပထမနာရီပေါင်း ၁ဝဝ ရဲ့ ဆောင်ရွက်ချက်ဟာ Biden လက်ထက်ရက်ပေါင်း ၁၀၀ ထက်သာလွန်ပါတယ်”လို့ ဘုန်းတော်ဘွဲ့ကိုရွတ်သွားခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ DNA ပါ
• တစ်ဇွတ်ထိုး မဆင်မခြင်၊ မမြော်မမြင် လုပ်တတ်မှု
• ခံစားမှုကို ရှေ့တန်းတင်မှ ဘေးထွက်ဆိုးကျိုးတွေကို မတွက်ချက်မှု
• သမ္မတပါးဝလာမှု (ပထမတစ်ကြိမ် သမ္မတဖြစ်ပြီး)
စတာတွေက သူ့ကိုနောက်ပြန်ရိုက်ချက်တွေ ပေးလာမှာ တွေ့ရတယ်။
ဒီမိုကရေစီလို့ တဖွဖွအော်နေပေမယ့် Canada, Mexico, Panama, Greenland ကိစ္စတွေမှာ “ငါဖြစ်ချင်သလိုဖြစ်ရမယ်”ဆိုတဲ့ လုပ်ဆောင်မှုက ထရမ့်ကို လစ်ဘရယ်သမ္မတထက် Nazi သမ္မတအဖြစ် လက် ညှိုးထိုးခံရဖွယ်ဖြစ်လာပါတယ်။ Gulf of Mexico ကို Gulf of America လို့ ချက်ချင်း ပြောင်းပစ်လိုက်တာ၊ Greenland ကိုလိုချင်တာ၊ ကနေဒါဟာ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်ရမယ်ဆိုတာတွေက ဟစ်တလာထက်တောင် ဆိုးဝါးတဲအပြုအမူတွေ ဖြစ်လာခဲ့ပါတယ်။
“ဖနောင့်တစ်ချက်ဆောင့်ရင် မီးဟုန်းဟုန်း တောက်စေရမယ်” ဆိုတဲ့ အယူအစွဲက လစ်ဘရယ်ဝါဒနဲ့ ဆန့်ကျင်နေပါတယ်။ ပြောရရင် နာဇီဝါဒထက်တောင်လွန်ပြီး၊ Imperialism ဆိုတဲ့ နယ်ချဲ့ဝါဒကို ကျင့်သုံးနေသလားဆိုတဲ့ မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့တယ်။ NATOအနေနဲ့ GDP ရဲ့ ငါးရာခိုင်နှုန်းကို စစ်စရိတ်ကျခံစေရမယ် ဆိုတာမျိုးက လက်ခံနိုင်စရာရှိပေမယ့်Greenland ကို စီးပွားရေးလုံခြုံမှုအရ ငါ့ကိုပေးဆိုတာမျိုးကတော့ အတော်အရုပ်ဆိုးအကျည်း တန်တဲ့ကိစ္စပါ။“စီးပွားရေးလုံခြုံမှု”ဆိုတဲ့ ခေါင်းစဉ်ကတော့ ဒီခေတ်မှာ ဘောင်တန်းမဝင်တော့ပါဘူး။ ခေါင်းစဉ်တပ်မှု သက်သက်မျှသာ ဖြစ်နေပါတယ်။
Reagan လက်ထက်မှာ အမေရိကန်ကာကွယ်ရေးစနစ် “Star War” ကို ကြေညာခဲ့တယ်။ ရန်သူ့ဘက်က ပစ်သမျှဒုံးတွေကို အကာ အကွယ်ပေးမယ့် ကာကွယ် ရေးစနစ်ပါ။ ဆိုဗီယက်က ကြောက်သွားတယ်။ဆိုဗီယက်ကာကွယ်ရေး စနစ်ထဲ စုပြုံအောပြီး ငွေ ကြေးသုံးစွဲလိုက်တော့ ဆိုဗီယက်ဟာ မွဲသထက် ပိုမွဲသွားခဲ့ပါတယ်။ အမှန်တကယ်ကတော့ “Star War” ဆိုတာ စာရွက်ပေါ်မှာသာရှိတဲ့ အဆင့်ဖြစ်ပါတယ်။ မဟာ
ဗျူဟာကျကျ ရီဂင်က ဆိုဗီယက်ကို မွဲအောင် လုပ်လိုက်တာပါပဲ။
ဘေးထွက်ဆိုးကျိုးတွေကြီးတယ်

ထရမ့်ကလဲ Star War လို အမေရိကန် တစ်ခုလုံးကို ကာကွယ်ပေးနိုင်မယ့် “ Iron Dome” စနစ်တစ်ခုကို တီထွင်ဖို့ ပင်တဂွန်ကို အမိန့်ပေး လိုက်ပါပြီ။ ဒီတစ်ကြိမ်ကတော့ အမေရိကန်အတွက်အမှန်တကယ် လိုအပ်နေပါတယ်။ ယူကရိမ်းမှာ ရုရှားဘက်က အစမ်းပစ်ပြလိုက်တဲ့ Oreshmik Missile စနစ်ကို US ရော အနောက် အုပ်စုကပါ တော်တော်လန့်ဖျပ်သွားခဲ့ကြတာတွေ့ရတယ်။
ထရမ့်ရဲ့ ၂ဝ၁၆ – ၂ဝ၂ဝ သက်တမ်းကာလကို အကြမ်းဖျင်း ပြန်သုံးသပ်လိုက်ရရင် တရုတ်နဲ့ ကုန် သွယ်စစ်ထိပ်တိုက် တွေ့တာကလွဲရင် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးဘက်တွေမှာ “ပြောစမှတ်” ပြုရလောက်အောင် မတွေ့ခဲ့ရပါဘူး။ ထရမ့်ကိုတောင် အညံဆုံးသမ္မတ “ငါး” ဦးစာရင်းထဲမှာ ထည့်ထားတာ တွေ့လိုက်ရပါသေးတယ်။
ဒုတိယအကျော့သမ္မတ သက်တမ်းမှာ နယ်စပ်ပြန်ပိတ်တာ၊ အမေရိကန်ရဲ့ ပြည်ပအကူအညီတွေဖြတ်တောက်တာ၊ ယူကရိမ်းစစ် ရပ်စဲရေးစတာတွေကိုတော့ အမှတ်ပေးရပါလိမ့်မယ်။ DOGE က ထုတ်ပြန်တဲ့ စာရင်းတစ်ခုအရ အမေရိကန်ရဲ့ ပြည်ပအကူအညီတွေကို ဖြတ်တောက်လိုက်တာ $ 1 Billion ဖိုးရှိတယ်။ ဒီအတိုင်းပုံမှန်ဖြတ်တောက်သွားရင် အမေရိကန်အကြွေး ဘယ်တော့ကြေမယ်ဆိုပြီး ထုတ်ပြလာတာကလည်းကောင်းတဲ့ အခြင်းအရာပါ။
ဒါပေမဲ့ မထင်ရင်မထင်သလို လုပ်လေ့ရှိတာက ထရမ့်ရဲ့ အားနည်းချက်ဖြစ်လာပါတယ်။ ဥပမာ – Mexico နဲ့ Canada ကိုအခွန် ၂၅ ရာခိုင်နှုန်းတိုးမယ်။ တရုတ်ကို ၁ဝ ရာခိုင်နှုန်း တိုးမယ်ဆိုတာတွေမှာတော့ တစ်ဖက်ကလည်း ငြိမ်နေမှာမဟုတ်ဘဲ တုံ့ပြန်ကြမှာမို့ တစ်ယောက်နဲ့အများ Trade War ဖြစ်လာဖို့ရှိနေပါလိမ့်မယ်။ တစ်ယောက်နဲ့အများ ကုန်သွယ်စစ်ဖြစ်ရင် အမေရိကန်ခံနိုင်ဖို့ မလွယ်လှပါဘူး။
ဒီကြားထဲမှာ တရုတ်ဘက်က Deep Seek AI app တစ်ခုထွက်လာတယ်။ ဘယ်လောက် လူကြိုက်များသွားလဲဆိုတော့ Dowmload လုပ်ကြသူက US app တွေထက်ကျော်ပြီး အများဆုံး ဖြစ်သွားတယ်။ Tech Struck တွေ $ 1 Trillion ဆုံးရှုံးသွားတဲ့အထိ Deep Seek ရဲ့ ငလျင်က ကြီးမားခဲ့တယ်။ DeepSeek နဲ့ နာမည်ကြီး Open AI ကို နှိုင်းယှဉ်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှအပိုင်း (DS – $ 10 Million vs Open AI – $ 6.6 Billion) ၊ Training Cost ပိုင်းမှာ (DS – $ 6 Million vs Open A – $ 100 Million) ဆိုတာ တွေ့ရတယ်။ တရုတ်တွေ ယှဉ်ပြိုင်စွမ်းရည်ဘယ်လောက်အထိ မြင့်မားလာတယ်ဆိုတာကို ပြနေတာပါ။ တစ်ခါ Alibaba ကလည်း သူ့ app Q2.5 ကို ထုတ်ပြလာပြီး DeepSeek, Open AI တွေထက်သာလွန်တယ်လို့ ဆိုလာပြန်ပါတယ်။ AI လောကမှာတရုတ်ဟာ အမေရိကန်ကို စိန်ခေါ်သူအဆင့်မဟုတ်တော့ပဲ ထိပ်ပုတ်သူအဆင့်ဖြစ်လာတာကိုပြနေတာပါ။ ၂ – ၂ – ၂၅ နေ့မှာသတင်းတစ်ခု တက်လာပါတယ်။ အတော်တုန်လှုပ်စရာကောင်းတဲ့ သတင်းဖြစ်ပါတယ်။ အဲ့ဒါကတော့ US Hedge Fund တွေက လောင်း ကြေး ထပ်ကြတာပါပဲ။ ထရမ့်လက်ထက်မှာ ရေတိုလောက်ပဲ Stock တွေဈေးတက်ပြီးနောက်ပိုင်းမှာ ထရမ့်ရဲ့ မိုက်မဲမှုကြောင့် Stock တွေ အကြီး အကျယ်ပြိုလဲမယ်ဆိုတဲ့ သုံးသပ်ချက်ပါပဲ။
Hedge Fund အရှင်သခင်တွေဆိုတာ ဂုရုအကြီးစားတွေပါ။ မြွေ- မြွေချင်းခြေမြင်ကြတဲ့သဘော ဖြစ်ပါတယ်။ ထရမ့်လက်ထက်မှာစီးပွားရေးကောင်း – မကောင်းကို သတိပေးလိုက်တာပဲဖြစ်ပါတယ်။ ထရမ့်ကလည်း တစ်ဇွတ်ထိုး လုပ်တတ်ပြီး သူ့လူတွေကလည်း Hawkish သမားတွေဆိုတော့ မတော်တဆ “စူးနင်း”လိုက်ရင် တဆုံးဖြစ်မှာ သေချာလှပါတယ်။
ဒါကြောင့် တစ်ကျော့ပြန် ထရမ့်ရဲ့ သမ္မတသက်တမ်းမှာ သူပြောတဲ့အတိုင်း MAGA ဖြစ်လာမလား ……။
ဘေးထွက်ဆိုးကျိုးတွေကြောင့် Bidenလက်ထက်မှာကျဆင်းနေတဲ့ US Economy ဟာ Keep America Worse Againဆိုတဲ့ KAWA ဖြစ်မလားဆိုတာ စိတ်ဝင် စားစရာ ဖြစ်လာပါလိမ့်မယ်။
#PAN