(ပြည်တွင်း) မတ် ၇

မြန်မာ – တရုတ် – ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြု လိမ်လည် မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ် သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သား သားစုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာ ယနေ့တွင် အဆိုပါလုပ်ငန်းများ၌ ဆက်စပ် ပါဝင်ခဲ့ ကြသည့် တရုတ်နိုင်ငံသား (၄၅၆) ဦးကို မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည် ရေးတံတားနှင့်ထိုင်းနိုင်ငံသား(၂)ဦးကို မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား တို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံ၍ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် ပြည်ပနိုင်ငံသားများ၏ ဖွင့်ဟဝန်ခံချက် များအရ ၎င်းတို့အများစုသည် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခဲ့ပြီး မဲဆောက်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့သို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်နေထိုင်ပြီး မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Parkနယ်မြေများရှိနိုင်ငံခြားသားများ ငှားရမ်းထားသည့် နေရာ၊ အဆောက်အဦများတွင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှု လုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်း ခံခဲ့ကြရသူများဖြစ် ကြကြောင်း သိရသည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာ နိုင်ငံမှကိုယ်စားလှယ်များ ထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာအထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိ ရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့်လူကုန်ကူးခံရသည့်နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေး နိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews