ထိုင်းမှ လျှပ်စစ်မီးဖြတ်တောက်ထားသည့် တာချီလိတ်တွင် ဆိုလာဓာတ်အားပေးစက်တည်ဆောက်ရန် စီစဉ်နေ

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၆

ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ လျှပ်စစ်မီးရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ တာချီလတ်မြို့အတွက်မဖြစ်မနေလိုအပ်သည့် လျှပ်စစ်မီးအတွက် ဆိုလာဓာတ်အားပေးစက်ရုံတည်ဆောက်အသုံးပြုသွားရန် စီစဉ်နေကြောင်း သိရသည်။

ဒေသတွင်း စက်သုံးဆီ ပြတ်တောက်မှု မရှိစေရေးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေမှု အခြေအနေများ၊ စက်သုံးဆီ လုံလောက်စွာရရှိရေးနှင့်ပတ်သတ်၍ အရပ်ဖက် ဦးဆောင်ကော်မတီများနှင့် ဒေသအာဏာပိုင်များ ဆွေးနွေးညှိနှိုင်းသည့်အစည်းအဝေးတစ်ခုကို ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ခရိုင်၊ တာချီလိတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

တာချီလိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်သည့် မဂ္ဂါဝပ်အခြေအနေမှာ ၃၅ မဂ္ဂါဝပ် ဝန်းကျင်ရှိနေပြီး  လတ်တလောမှာ လာအိုနိုင်ငံမှ သွယ်တန်းရောင်းချပေးပို့သည့် ပမာဏ ၁၃ မဂ္ဂါဝပ်ကိုသာ အသုံးပြု ဖြန့်ဖြူးနေရသည့်အတွက် အလှည့်ကျ မီးပေးသည့် စနစ်ကိုသာ အသုံးပြု၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေမှု အခြေအနေနှင့်ပတ်သတ်၍ တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးမင်းကိုနှင့် မြို့မိမြို့ဖ တာဝန်ရှိသူများမှ ဆိုလာစနစ်နှင့် လျှပ်စစ်ဓာတ်အားသုံးစွဲ ဖြန့်ဖြူးနိုင်ရေးအတွက် လုပ်ဆောင်ရန် အကြံပြုခဲ့ပြီး  အမြန်ဆုံး အကာင်အထည်ဖော်နိုင်ရေးအတွက်ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ကာ ယခုရရှိသည့် လျှပ်စစ်ဓာတ်အားအခြေအနေနှင့် မျှယူသုံးစွဲနိုင်ရန် အကြံပြုခဲ့ကြသည် ။

ရေအားလျှပ်စစ်ဖော်ထုတ်ရေးကိစ္စနှင့် ပတ်သတ်၍လည်း မြို့နေ လုပ်ငန်းရှင် တစ်ဦးမှ  ဆွေးနွေးခဲ့ပြီး ရေအားလျှပ်စစ်မှရရှိနိုင်မည့် ရေအားလျှပ်စစ်ပမာဏနှင့် ကုန်ကျစရိတ်ပမာဏအား ပျှမ်းမျှ တွက်ချက်ရန် လိုအပ်နေသေးကြောင်း အစည်းအဝေးမှ သိရသည်။

ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံမှ လျှပ်စစ်မီး ရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မြို့နယ်တွင်း လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအတွက် ဆိုလာစနစ်အား အသုံးပြုသည့် ဓာတ်အားဖြန့်ဖြူးရေး စက်ရုံ  တည်ဆောက်ရေးအတွက် တက်ရောက်လာသည့် မြို့မိ မြို့ဖ လုပ်ငန်းရှင်များမှ အကြံပြုခဲ့ကြသည်။

တာချီလိတ်မြို့နယ်၏ လတ်တလော စက်သုံးဆီဆိုင်များမှ စက်သုံးဆီများအား ထိုင်းနိုင်ငံမှ တင်ပို့ရောင်းချနေခြင်း ဖြစ်ပြီး  ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှ လောင်စာဆီ တင်ပို့မှုအား ကြိုတင် အကြောင်းမကြားဘဲ ကန့်သတ်လိုက်ခြင်းကြောင့် ဒေသတွင်း ဆီလိုအပ်မှုများကို အလျင်မီနိုင်ရေး ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း စက်သုံးဆီ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူကဆိုသည်။

ယနေ့ နံနက် ပြုလုပ်သော အစည်းအဝေး၌ လောင်စာဆီအား ထိုင်းနိုင်ငံမှ တင်သွင်းမည်ဆိုခြင်းထက် ပြည်မမှာ တင်သွင်းနိုင်ရေးအတွက် ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် စက်သုံးဆီ လုပ်ငန်းရှင် အသင်းများအား ချိတ်ဆက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

၄င်းပြင် ထိုင်းဖက်မှ ဝင်ရန် ရပ်တန့်နေသော လောင်စာဆီကား စီးရေ (၅၀)ခန့်မှာ ငွေရှင်းပြီး ဖြစ်နေသဖြင့် တာချီလိတ် မြို့နယ်အတွင်းဝင်ရောက်နိုင်ရေးအတွက် လာအိုနိုင်ငံဖက်လမ်းကြောင်းမှ တဆင့် ၊ တာချီလိတ် မြို့နယ် ဝမ်ပုံဆိပ်ကမ်းဖက်မှ ဝင်နိုင်ရေးအတွက် ယနေ့စတင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#PAN #တာချီလိတ် #လျှပ်စစ်ဓာတ်အားရရှိရေး #ဆိုလာဓာတ်အားပေးစနစ်