(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၁
အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်ရှိ Scottsdale လေဆိပ်သို့ ဆင်းသက်လာသည့် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းသည် အခြားလေယာဉ်တစ်စီးကို ဝင်ရောက်တိုက်မိခဲ့ကြောင်းသိရသည်။
ဖက်ဒရယ်လေကြောင်းထိန်းချုပ်ရေး(FAA)၏အဆိုအရ Learjet 35A အမျိုးအစား ကိုယ်ပိုင်ဂျက်လေယာဉ်သည် ဖေဖော်ဝါရီ ၁၀ ရက် ဒေသစံတော်ချိန် တနင်္လာနေ့၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် Gulfstream 200 လုပ်ငန်းသုံးဂျက်လေယာဉ်တစ်စင်းအား အရှိန်လွန် တိုက်မိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တက္ကဆက်ပြည်နယ် အော်စတင်မှ ထွက်ခွာလာသည့် အဆိုပါ ကိုယ်ပိုင်လေယာဉ်သည် Scottsdale လေဆိပ် ပြေးလမ်း ၂၁ သို့ ဆင်းသက်ချိန်တွင် ဘယ်ဘက်ပင်မဂီယာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး ဝင်တိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုယ်ပိုင်ဂျက်လေယာဉ်မှာ Mötley Crüe ဟဲဗီးမက်တယ် တေးဂီတအဖွဲ့မှ အဆိုတော် Vince Neil ပိုင်ဆိုင်ပြီး လေယာဉ်မတော်တဆမှုဖြစ်ပေါ်ချိန်တွင် လိုက်ပါလာခြင်းမရှိကြောင်း မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။
လေယာဉ်နှစ်စီးတိုက်မှုတွင် လူတစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Scottsdale မီးသတ်ဌာနကဆိုသည်။
Mötley Crüe သည် လေယာဉ်မှူးသေဆုံးကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သော်လည်း အဆိုပါထုတ်ပြန်ချက်အား ပြန်လည် ဖျက်ချခဲ့သည်။
#PAN