မော်တော်ယာဉ်လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် လုပ်ငန်းလိုင်စင် ပြောင်းလဲခြင်းများအတွက် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည်


(ပြည်တွင်း) ဖေဖော်ဝါရီ ၈

မော်တော်ယာဉ်လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် လုပ်ငန်းလိုင်စင်ပြောင်းလဲခြင်းများအတွက် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါလုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနှင့် လုပ်ငန်းလိုင်စင်ပြောင်းလဲခြင်းများအတွက် အွန်လိုင်းကွန်ပြူတာစနစ်ဖြင့် အသုံးပြုခြင်းကို ဖေဖော်ဝါရီလ ၁၀ ရက်မှ မတ်လ ၃၁ ရက်အထိ စမ်းသပ်ကာလအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဧပြီလ ၁ ရက်မှစတင်၍ အပြည့်အဝဆောင်ရွက်မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကနဦးအနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင်ကျင့်သုံး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် Secure Link ကုမ္ပဏီတို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ကွန်ပျူတာစနစ် တည်ဆောက်ရေးကာလကို ခြောက်လကြာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံးအားလုံးတွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးတဲ့လုပ်ငန်းများကို ဝက်ဘ်ဆိုက်နှင့် ဝက်ဘ်ပေါ်တယ် တို့တွင် ဝင်ရောက်လျှောက်ထားနိုင်ကာ အသေးစိတ်ကို www.dotp.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်(က လိုင်စင်)၊ ခရီးစဉ် ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်းစင်(ခ လိုင်စင်)၊ စင်းလုံးငှား ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်(ဂ လိုင်စင်)၊ ပဋိညာဉ်အရ သယ်ယူပို့ဆောင်ရေးလိုင်စင်(ဃ လိုင်စင်)နှင့် ကိုယ်ပိုင်သယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင် (င လိုင်စင်)အမျိုးအစားများကို ထုတ်ပေးလျက်ရှိပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN