မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲမှာ ရုပ်ရှင်ထူးချွန်ဆု ၁၂ ဆုအထိ ရွေးချယ်ချီးမြှင့်နိုင်ရန်လျာထား


(ပြည်တွင်း) ဇန်နဝါရီ ၃၁

၂၀၂၄ ခုနှစ် အကယ်ဒမီပေးပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှာ နေပြည်တော်၌ ကျင်းပပြုလုပ်မှာဖြစ်ပြီး အဆိုပါပွဲအတွက် ထူးချွန်ဆု ၁၂ ဆုကို ရွေးချယ်ချီးမြှင့်ပေးသွားဖို့ လျာထားကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်အဖွဲ့မှ သိရပါတယ်။

အဆိုပါ ဆုများချီးမြှင့်နိုင်ဖို့အတွက် ရုပ်ရှင်ဇာတ်ကားပေါင်း ၄၉ ကားကို ပထမအဆင့် ကြည့်ရှုအကဲဖြတ် ခဲ့ရာက ထိုရွေးချယ်မှုထဲမှ နောက်ဆုံးအဆင့် ၁၈ ကားကို အပြီးသတ် ကြည့်ရှုအကဲဖြတ်ထားပြီး ရွေးချယ် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား ၁၈ ကားမှာ ဘိုတော်ကင်း၊ ချစ်သူသည်သာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ အစိုးမရအနတ္တ၊ ယောက်ျားကောင်းအတောင်နှစ်ဆယ်၊ သံယောဇဉ်တွေသာကျည်ဆံတွေ ဖြစ်ခဲ့ရင်၊ တခုတ်တရ၊ ဖုန်းရွှေ၊ မိတင်စိန်၊ နို့ထမင်း၊ စိတ်ကကြိုး၊ မီး၊ အရက်စက်ဆုံးအနမ်း၊ သဘင်သည်မြနှင်းဆီ၊ နှောင်၊ မရဲ့အေးခဲသွားကြသူများ၊ အိမ်မက်ကာရန်၊ တိမ်ပန်းချီနှင့် မေတ္တာရုပ်ရှင်ဇာတ်ကား များဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားရဲ့ ဖျော်ဖြေရေးကဏ္ဍမှာလည်း ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ထားတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ထည့်သွင်းဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်က နေပြည်တော်ရှိ MICC-1 တွင်ကျင်းပပြုလုပ်ခဲ့ပြီး ရုပ်ရှင်တစ်သတ်တာဆု ၃ ဆုအပါအဝင် အကယ်ဒမီဆု စုစုပေါင်း ၁၂ ခု ချီးမြှင့်ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN