“ပွင့်ဖြူမြိုနယ်၌ မဲဇလီရေလွှဆည်ရေဖြင့် နွေနှမ်းဧက နှစ်သောင်းကျော် စိုက်ပျိုးဆောင်ရွက်သွားမည်”

(ပြည်တွင်း) ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆီစားသုံးမှုဖူလုံစေရေး အတွက် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းစိုက်ဧက နှစ်သောင်းကျော်ကို လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရပါတယ်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်နှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး မြေပဲ၊ နှမ်း၊ နေကြာသီးနှံနှင့် ပန်းနှမ်းတို့ကို တစ်နှစ်ပတ်လုံး အားထားစိုက်ပျိုးလျက်ရှိတာ ကြောင့် ယခုနှစ်နွေသီးနှံ စိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများက နွေနှမ်းစိုက်ဧက နှစ်သောင်းကျော်ကို လျာထားစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက နွေနှမ်းစိုက်ပျိုးမည့် တောင်သူများကို သီးနှံအထွက်နှုန်းများ တိုးတက် စေရေးအတွက် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေး နှင့် အပင်အရေအတွက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် စိုက်ပျိုးရေး သွင်းအားစုများ အမျိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရန် စတဲ့ တောင်သူပညာပေးလုပ်ငန်းများကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဒေသခံတောင်သူများသည် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ အခြား နွေသီးနှံများကို နှစ်စဉ်အားထားစိုက်ပျိုးလေ့ရှိပြီး ယခင်နှစ်က နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်း ၂၇,၁၉၃ ဧက လျာထား စိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၄၇,၄၅၂ ဧက စိုက်ပျိုးနိုင်ခဲ့တာကြောင့် တစ်ဧက ၁၁ ဒသမ ၉၀ တင်း ထွက်ရှိခဲ့ ပါတယ်။

တောင်သူများအနေနဲ့ နှမ်းသီးနှံ အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံတွင်း စားသုံးဆီဖူလုံစေပြီး ထုတ်လုပ်မှုများကောင်းမွန်၍ ပြည်ပမှတင်သွင်းသော စားသုံးဆီဝယ်မှုသုံးစွဲမှု လျှော့ချနိုင်မည့် အပြင် ဈေးကွက်လိုအပ်ချက်ဖြစ်တဲ့ ဝယ်လိုအားများ မျှတလာစေကာ ကုန်ဈေးနှုန်းများတည်ငြိမ်၍ တောင်သူများ အတွက် သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး မှ သိရပါတယ်။

#PAN #မဲဇလီရေလွှဲဆည် #ပွင့်ဖြူမြို့နယ်